Home
မြန်မာသတင်း
မန္တလေး ပြောက်ကျားတပ်ဖွဲ့​၏ Safe House ၂ လုံး စီးနင်းခံရ
DVB
·
July 19, 2022
526836-522306-275847228_1662324177465672_2837096119581572557_n-730x365-1-730x365

မန္တလေးတိုင်း၊  ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ မြို့ပြပြောက်ကျားတပ်ဖွဲ့ (MPR) ရဲ့ Safe House ၂ ခု ကို ဇူလိုင်  ၁၇ ရက် မွန်းလွဲ ၂ နာရီခွဲလောက်က စီးနင်းခံလိုက်ရပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းခံလိုက်ရတယ်လို့ MPR က ပြောပါတယ်။

မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေ ခိုလှုံနေတဲ့ Safe House ၂ လုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကားအသေး ၂ စီးနဲ့ နေရာအတိအကျရောက်လာပြီး စီးနင်းခဲ့တာကြောင့် ပစ္စတို ၄ လက်၊ 9mm ကျည် ၂၃၀ တောင့်၊ 5.56 ကျည် ၁၆ တောင့်၊  လက်ပစ်ဗုံးက ၂ လုံး၊ ရိက္ခာနဲ့အ၀တ်စားတွေ သိမ်းဆည်းခံလိုက်ရတယ်လို့ ဆိုပါတယ်။

MPR အဖွဲ့မှ တာဝန်ရှိသူက “အိမ် အတိအကျနဲ့ လာတာဆိုတော့ သတင်း အတိအကျ ပေးတဲ့သူရှိလို့ပေါ့။ ပစ္စည်းတွေက တစစီဖြုတ်ထားတာ ခုခံချိန်မရလိုက်ဘူး။ လူတွေအဖမ်းခံရတာ မရှိပါဘူး အားလုံးလွတ်မြောက်ပါတယ်။ အခု ဘေးကင်းလုံခြုံတဲ့နေရာ ရောက်နေပါပြီ။ လက်နက်ခဲယမ်း ဆုံးရှုံးမှုက သိန်း ၁၅၀ လောက်ရှိပါတယ်။ အခုချိန် စျေးတွေကလည်း တက်နေတော့ မစ်ရှင်တခုလုပ်ဖို့ မလွယ်ကူဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။ 

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းလောက်ကလည်း မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တချို့ စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။ 

စစ်ကောင်စီတပ်က မန္တလေးမြို့မှာ မြေပြင်သပိတ်အဖွဲ့ဝင်တွေ၊ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေနဲ့ တော်လှန်ရေးအင်အားစုတွေကို နည်းလမ်းမျိုးစုံ သုံးကာ ဖမ်းဆီးနေတာကြောင့် မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တချို့ဟာ မြို့ကို ခေတ္တ စွန့်ခွာခဲ့ကြရတာရှိသလို  စစ်ဆေးဖမ်းဆီးမှု တွေ များပေမဲ့ မစ်ရှင်တွေကို အန္တရာယ်တွေကြားထဲက အကောင်အထည်ဖော်နေတဲ့ အဖွဲ့တွေ လည်း ရှိနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024