စစ်ကိုင်းတိုင်း အရာတော်မြို့နယ်မှာ ဇူလိုင် ၁၈ ရက်နေ့ မနက်ပိုင်းက အရာတော် - ဝါးတောမ လမ်းအတိုင်း ဆိုင်ကယ်မောင်းနှင်လာတဲ့ လူငယ် ၁ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဆိုင်ကယ် ရပ်မပေးလို့ဆိုကာ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အရာတော်မြို့နယ် ကမ်းဖြူအုပ်စု၊ စိန်သာကျေးရွာနေ ၂၀ အရွယ်ရှိ ကိုပြည့်စုံဦးဟာ အရာတော် - ဝါးတောမလမ်းအတိုင်း ဆိုင်ကယ်မောင်းနှင်လာစဉ် ကျွဲခြံကျေးရွာနားအရောက် စစ်ကောင်စီ တပ်ဖွဲ့က စစ်ဆေးရန် တားဆီးချိန် ဆိုင်ကယ်ရပ်မပေးတဲ့အတွက် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
ဒေသခံကျေးရွာသားတဦးက “ကျွဲခြံရွာထိပ်မှာ စစ်ကောင်စီတပ်ဖွဲ့က စစ်ဆေးနေတာ။ ဆိုင်ကယ် ရပ်မပေးလို့ ဆိုပြီး အတွဲလိုက်ပစ်တယ်။ သေသွားတော့ ဖုန်းနဲ့ ဆိုင်ကယ်ကို သိမ်းယူသွားပြီး အလောင်းကိုတော့ လမ်းဘေးမှာ ဒီအတိုင်းပစ်သွားတာ” လို့ ပြောပါတယ်။
စိန်သာကျေးရွားသား ကိုပြည့်စုံမှာ ရင်ဘတ်နဲ့ပေါင်အနှံ့ ကျည်ထိမှန်ဒဏ်ရာတွေ ရရှိခဲ့ပြီး နေရာမှာပဲ သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
အခုရက်ပိုင်းအတွင်း အရာတော်မြို့နယ်က ကျေးရွာတွေကို စစ်ကောင်စီတပ်ဖွဲ့တွေက စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ဆက်တိုက်ရှိနေတယ်လို့ သိရပါတယ်။