‘သေသောသူကြာရင်မေ့’ ဆိုပေမဲ့ လူသားအကျိုးဆောင်ရွက်ခဲ့သူတွေရဲ့ အကြောင်းတွေကတော့ နှစ်လရှည်ကြာခဲ့ပေမဲ့ မေ့နိုင်ကောင်းတဲ့အရာမှ မဟုတ်တာ။ ဘယ်မေ့နိုင်ကြပါ့မလဲ။ အခုဆို သခင်အောင်ဆန်းနဲ့တကွ အာဇာနည်တွေ မသမာသူလက်ချက်နဲ့ ကျဆုံးခဲ့ကြတာ ၇၅ နှစ်ပြည့်လို့ ‘စိန်ရတုတောင်’ ရောက်နေပြီပဲ။
အာဇာနည်တွေကိုသာ မဟုတ်၊ ကျွဲကူးရေပါ မိစ္ဆာလူသတ်ကောင်တွေကိုလည်း ဒီနေ့ ဒီရက် ရောက်တိုင်း ပြည်သူလူထုရဲ့ ကျိန်ဆဲခြင်း ခံနေရတာကလည်း သတိသံဝေဂယူစရာတခု ဖြစ်နေပြန်တယ်။ အဖြူ အမည်း ပုံဖော်ပြယုဂ်တွေက လူကောင်းနဲ့လူဆိုး၊ သူယုတ်မာနဲ့ သူတော်ကောင်း၊ ချစ်သူနဲ့ မုန်းသူ၊ သစ္စာရှင်နဲ့ သစ္စာဖောက်၊ မိုက်မဲသူနဲ့ အသိလိမ္မာ၊ လူ့အမှိုက်နဲ့ ပညာရှိတို့ ကွဲပြားအောင် သင်ခန်းစာပေးနေသလိုပါပဲ။
ဗမာ့သမိုင်းတလျှောက်ကို ပြန်ကြည့်တော့ အစဉ်အလာ ဇာတ်လမ်းတပုဒ်လိုပါပဲ။ အဆိုးနဲ့ အကောင်း အားပြိုင်ခဲ့ကြတာ အခုချိန်အထိပဲ။ အားပြိုင်မှုတွေကို ပြန်ကြည့်တော့ လွတ်လပ်ရေးမရမီက ဂဠုန်စောနဲ့ သခင်အောင်ဆန်း။ လွတ်လပ်ရေးပြီးတော့ ဗိုလ်နေဝင်း၊ ဦးနုနဲ့ ကွန်မြူနစ်ပါတီ(ဗမာပြည်)။ မဆလခေတ်ကုန်တော့ ဗိုလ်နေဝင်းနဲ့လူထု။ ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေနဲ့ ပြည်သူအပါအဝင် ဒေါ်အောင်ဆန်းစုကြည်။ နအဖခေတ်ကုန်တော့ ဗိုလ်မင်းအောင်လှိုင်နဲ့ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်။
လူပုဂ္ဂိုလ်အမည်တွေ ဖြုတ်ကြည့်လိုက်ရင် ‘စစ်တပ်နဲ့ ပြည်သူ’ ဆိုတာကို တွေ့ရလိမ့်မယ်။ ဗိုလ်နေဝင်း၊ ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေ၊ ဗိုလ်မင်းအောင်လှိုင်တို့က စစ်တပ်ကို ကိုယ်စားပြုခဲ့သလို ဦးနု၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့က လူထုကို ကိုယ်စားပြုသူတွေလို့ ဆိုနိုင်ပါတယ်။ ဒီတော့ လွတ်လပ်ပြီး တလျှောက်လုံးလည်း ‘အဆိုးနဲ့ အကောင်း’ အားပြိုင်ခဲ့ကြတာ။ အခုထိလည်း အားပြိုင်နေကြဆဲပါပဲ။ ဒါဟာ စစ်တပ်နဲ့ပြည်သူ အားပြိုင်ပွဲပါပဲ။
နိုင်ငံရေးဝါဒ၊ စနစ်အနေနဲ့ ပြောရရင်တော့ ‘စစ်အာဏာရှင်စနစ်နဲ့ ဒီမိုကရေစီ’တို့ရဲ့ အဆိုးနဲ့အကောင်း အားပြိုင်နေခဲ့ကြတာပါပဲ။ တနည်းဆိုရရင်တော့ ‘ဓမ္မနဲ့အဓမ္မ’တို့ရဲ့ မပြီးဆုံးနိုင်သေးတဲ့ ‘အားပြိုင်ပွဲကြီး’ ပေါ့။ အဲဒီအားပြိုင်မှုကြီးထဲမှာပဲ တချို့ အသက်တွေ၊ ဘဝတွေ ပေးဆပ်ခဲ့ရ။ တချို့ကတော့ အာဏာအရသာကို မြိန်မြိန်ရှက်ရှက် သုံးဆောင်လို့ပေါ့။ ဒါပေမဲ့ စရိုက်ဆိုးနဲ့ စရိုက်ကောင်းတို့က ဇာတ်ရည်လည်ချိန်မှာ သိသိသာသာ ကွဲပြားသွားခဲ့ရသလိုပါပဲ။ ပြဒါးတလမ်း၊ သံတလမ်း။
စရိုက်သဘာဝတွေကို လေ့လာကြည့်တော့လည်း လူဆိုး လူမိုက်တွေရဲ့ သဘောသဘာဝနဲ့ လောကတ္ထစရိယာ ပုဂ္ဂိုလ်တွေရဲ့ သဘောသဘာဝတွေကို တွေ့ရပြန်တယ်။ ဂဠုန်စော၊ ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေ၊ ဗိုလ်မင်းအောင်လှိုင်တို့ဟာ တူညီတဲ့စရိုက်ရှိတာကို တွေ့နိုင်တယ်။ အားလုံးဟာ မိုက်ရူးရဲဆန်တာ၊ လူမိုက်ဉာဉ်ရှိတာ၊ အလိုကြီးတာ၊ လောဘတက်တာ၊ မောဟဖုံးလွှမ်းနေတာ၊ ဘဝင်မြင့်တာ၊ အတ္တကြီးတာ၊ ဘာသာရေးကို ခုတုံးလုပ်တာ၊ ‘ငါမှငါ’ စိတ် ထိပ်တက်နေတာ၊ အငြိုးအတေး အာဃာတကြီးတာတွေက အစပေါ့။ အာဏာကို အာသာငမ်းငမ်းတက် အလိုရမ္မက်ကြီးတာတွေအဆုံး အားလုံးတူနေတာကို တွေ့ရတယ်။ အဲဒီလိုလူတွေလက်ထဲ လုပ်ပိုင်ခွင့်အာဏာနဲ့ လက်နက်ကိုင်တပ်ဖွဲ့ အပိုင်ထည့်ပေးထားလိုက်တော့ ကမ္ဘာကြီး ဇောက်ထိုးမိုးမျှော် ဖြစ်သွားတော့တာပါပဲ။
ဂဠုန်စောဟာလည်း ဂဠုန်တပ်ဖွဲ့ရဲ့ သေနာပတိတယောက်၊ စစ်သူကြီးချုပ်။ သန်းရွှေတို့ မင်းအောင်လှိုင်တို့လည်း စစ်သူကြီးချုပ်တွေ၊ အခုခေတ်စကားကတော့ ကာ/ချုပ်ပေါ့။ ဂဠုန်စောကလည်း သူ့တပ်ဖွဲ့ဖို့အတွက် ဗီဗီယမ်းတို့ဆီက လက်နက်ဝယ်ခဲ့တာ။ ဗိုလ်သန်းရွှေနဲ့ မင်းအောင်လှိုင် တရုတ်နဲ့ ရုရှားဆီက ပြည်သူကိုသတ်ဖို့ လက်နက်ဝယ်သလိုပဲပေါ့။ ဂဠုန်စော ဝယ်တာက နယ်ချဲ့အရင်းရှင်ဆီကနဲ့ အခု ကွန်မြူနစ်လို့ ဆိုနေတဲ့သူတွေဆီက ဝယ်တာပဲကွာတာ။ အားလုံးကတော့ လက်အောင်ခံ တပည့်မွေးချင်တာချင်းမှာတော့ ‘ကုလားကြီးနဲ့ အရာကြီး’ ပါပဲ။
ဂဠုန်စောကလည်း သူ့ကို အတိုက်အခံပြုသူမှန်သမျှ အခြေအနေပေးရင်ပေးသလို သူ့လက်ကိုင်တုတ်တပ်တွေနဲ့ ပစ်သတ်ခဲ့တာ။ ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေတို့လည်း ထိုနည်းအတိုင်းပဲပေါ့။ ‘ဘမျိုးဘိုးတူ ဂျိုကလေးတွေနဲ့ကြီး’ ပါပဲ။ ၁၉၆၂ သူ့ကို အတိုက်အခံလုပ်တဲ့ ကျောင်းသားတွေ၊ ပြည်သူတွေ၊ အလုပ်သမားတွေကို ပစ်သတ်ခဲ့တာ။ ဖက်ဆစ်တော်လှန်ရေး ဗိုလ်မှူးကြီးဗထူးသား ဗိုလ်ကြီးမြင့်ထူးလည်း ရေကြည်အိုင်မှာ လက်စအဖျောက်ခံရသလို ဗိုလ်ကြီးအုန်းကျော်မြင့်တို့ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးတို့က အထင်ကရတွေပေါ့။
ဗိုလ်စောမောင်ရဲ့ ၁၉၈၈ အာဏာသိမ်းစဉ်က ကျောင်းသားပြည်သူတွေကို ပစ်သတ်ခဲ့တာလည်း အထင်ကရ။ ဗိုလ်သန်းရွှေရဲ့ ခရစ္စတီးကျွန်းလူသတ်မှုတွေ၊ ဒီပဲယင်း လုပ်ကြံသတ်ဖြတ်မှုတွေကို လုပ်ဆောင်ခဲ့တာပါပဲ။ အာဏာကိုထိပါးလာရင်၊ ဒါမှမဟုတ် အာဏာရယူရေးအတွက်ဆိုရင် သူတို့ရဲ့ လက်ကိုင်တုတ်တပ်တွေနဲ့ ပြည်သူကိုသတ်ဖို့ ဝန်မလေးခဲ့ကြပါဘူး။
မင်းအောင်လှိုင်လည်း ဒီလိုပါပဲ။ ‘နောက်လာတဲ့ကြောင်ချေးက ခွေးချေးထက်ပိုနံ’ ဆိုသလိုပါပဲ။ ဆန္ဒပြ ကျောင်းသားလူငယ်လေးတွေကို သေနတ်နဲ့ပစ်သတ်တယ်။ ပစ်သတ်တာတောင် ဦးခေါင်းတည့်တည့် ပစ်သတ်ခိုင်းတယ်။ အယူမတူသူနဲ့ သူ့မထောက်ခံသူတွေကို ကလေးငယ်နဲ့ သက်ကြီးရွယ်အိုမကျန် ပစ်သတ်တယ်။ ကျေးရွာတွေကို မီးရှို့စေတယ်။ တပြည်လုံးနီးပါး ပြာကျအောင်လုပ်တယ်။ လူထုရွေးကောက်တင်မြှောက်ထားသူတွေကို အပြစ်မရှိ အပြစ်ရှာ ဖမ်းဆီးတယ်။ အာဏာအတွက်ဆိုရင် ‘မလုပ်ရဲတာမရှိ’ ဆိုသူအတွက် လုပ်ကြံသတ်ဖြတ်ခြင်းဟာ ထမင်းစားရေသောက်၊ ငှက်ပျောသီးအခွံနွှာသလောက် မခက်ခဲ။ သတိကြီးကြီးထားဖို့တော့ လိုမှာပါ။
ဒါက အတ္တကြီးသူ၊ မိစ္ဆာအယူရှိသူ၊ ကိုယ်ကျိုးစီးပွားနဲ့ အတ္တကြီးသူတွေရဲ့ တူညီတဲ့ လုပ်ဆောင်ချက်တွေကို စဉ်းစားမိလို့ပါ။ အာဇာနည်နေ့ ၇၅ ကြိမ်မြောက်မှာ တွေးမိတာလေး ရေးပြတာ။ ဒါတွေရဲ့အခြေခံကိုကြည့်တော့ ပညာအင်အား နည်းပါးခြင်းမှာ အခြေခံနေတာ တွေ့ရတယ်။ ဂဠုန်စောဟာ ရှေ့နေဆိုပေမဲ့ စာတတ်ပေတတ်ထဲက မဟုတ်ခဲ့ဘူး။ သူ့ရဲ့ တရားခွင်ထွက်ချက်အရဆိုရင် ပဉ္စမတန်းအဆင့်ပဲ ရှိသတဲ့။ တတိယတန်းရှေ့နေလေးပေါ့။
ဗိုလ်နေဝင်းလည်း ထိုနည်းအတိုင်းပါပဲ။ အင်တာအထိတော့ နေခဲ့ဖူးသတဲ့။ ဗိုလ်သန်းရွှေလည်း အထက်တန်း မအောင်ရှာဘူးလို့ ဆိုပါတယ်။ ဗိုလ်မင်းအောင်လှိုင်ဆိုလည်း ဥပဒေတန်းကို ဒုနှစ်အထိ နေခဲ့ဖူးရုံပါပဲ။ ‘တဝက်တပျက်အသိဟာ အန္တရာယ်ကြီးတယ်’ ဆိုတဲ့ စကားအတိုင်း သူ့ရဲ့ တဝက်တပျက် ဥပဒေအသိဟာ အခုချိန်မှာ တိုင်းပြည်အတွက် အန္တရာယ်အလွန်ကြီးတဲ့ အခြေအနေမှာ ရှိနေတယ်။ ဒီတော့ သူတို့ရဲ့ စဉ်းစားတွေးခေါ်ပုံမှာ လိပ်ပတ်မလည်တော့ဘဲ အထက်လည်းတက်မရ အောက်လည်းဆင်းမရနဲ့ ‘ဇော်ကန့်လန့်’ ဖြစ်နေတာ သိပ်တော့မဆန်းလှပေဘူး။
အာဃာတကြီးမားရာမှာလည်း ဂဠုန်စောနဲ့ မင်းအောင်လှိုင်ဟာ အတူတူပါပဲ။ ဂဠုန်စောလည်း သခင်အောင်ဆန်းအပေါ်မှာ အထင်အမြင်လွဲပြီး အာဃာတထားခဲ့တဲ့စိတ်က အာဇာနည်တွေ အလုပ်ကြံခံရသည်အထိ ဖြစ်ခဲ့တာပဲ။ ဗိုလ်နေဝင်းလည်း ပညာတတ်တွေနဲ့ ကျောင်းသားသမဂ္ဂအပေါ်မှာ အာဃာတကြီးခဲ့တာပဲလေ။ ဗိုလ်သန်းရွှေလည်း ဒေါ်စုအပေါ်မှာ အာဃာတကြီးကြီးနဲ့ ‘ဒီပဲယင်း’ မှာ လုပ်ကြံသတ်ဖြတ်ဖို့ လုပ်ခဲ့သေးတာပဲမို့လား။
မင်းအောင်လှိုင်လည်း သူ့ဆရာတွေလိုပဲ အငြိုးအတေး အာဃာတသိပ်ကြီးတာ တွေ့ရတယ်။ သူ့ရဲ့ သမ္မတဖြစ်ချင်စိတ်လောဘ ထိပ်တက်လာတော့ သူ့ကို သမ္မတပေးဖို့ ငြင်းဆန်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့နဲ့အတူ NLD ပါတီအပေါ်မှာ လက်စားချေခဲ့တာပဲမို့လား။ နောက်တဆင့်တက်ပြီး သူ့ကိုဆန့်ကျင်အာခံတဲ့ ပြည်သူတွေကို အငြိုးတကြီးပစ်သတ်၊ ဆန့်ကျင်တဲ့ရွာတွေကို မီးရှို့တဲ့အပြင် လယ်ယာစိုက်ခင်းတွေကိုပါ သူ့လက်ပါးစေတွေနဲ့ ဖျက်ဆီးစေခဲ့တာပဲ မဟုတ်လား။ တပြည်လုံး လောင်မီးကျ၊ ရွာပျက်ကုန်းတွေ ဖြစ်လို့ပဲ။ ရက်စက်ပုံများ ပရိုမီးသီးယပ်ပြဇာတ်ထဲက ပန်းပဲသမား ဘော်လကန်ပြောသလို “ထီးနန်းပိုင်ကာစ ဘုရင်များကား ရက်စက်တတ်ကြသည်တကား” ဆိုသလိုပဲ။ ဒါတောင် တကယ်တမ်း ထီးနန်းပိုင်သေးတာမဟုတ်။
ပြောချင်တာက ဂဠုန်စောက အာဇာနည် ၉ ဦးကို လုပ်ကြံသတ်ဖြတ်ခဲ့သလို ဗိုလ်နေဝင်း၊ ဗိုလ်စောမာင်၊ ဗိုလ်သန်းရွှေ၊ မင်းအောင်လှိုင်တို့သတ်ခဲ့တဲ့ အမျိုးကောင်းသားသမီး အာဇာနည် သူရဲကောင်းများစွာဟာ စစ်အာဏာရှင်သမိုင်းတလျှောက် ကြွေလွင့် လုပ်ကြံခံခဲ့ကြရတယ်။ ပြည်သူကို လုပ်ကြံသတ်ဖြတ်ရာမှာ အားလုံး အတူတူချည်းပါပဲ။ ဘယ်သူကမှ ပိုသာတယ်မရှိဘူး။ ဂဠုန်စော လုပ်ကြံတာဟာလည်း အာဇာနည် ၉ ဦးဆိုပေမဲ့ မြန်မာနိုင်ငံကို လုပ်ကြံလိုက်တာ။ မင်းအောင်လှိုင်နဲ့အတူ စစ်အာဏာရှင်တွေ လုပ်ကြံခဲ့တာလည်း ‘မြန်မာနိုင်ငံကြီး’ ကိုပဲဖြစ်တယ်။
သေချာပြန်တွက်ကြည့်တော့ စစ်အာဏာရှင်ကာလတလျှောက်လုံး အာဇာနည်မိသားစုတွေဟာ နှစ်လည်ဆွမ်း ပုံမှန်ကပ်ခွင့် မရခဲ့ရှာကြပါဘူး။ သခင်အောင်ဆန်းသမီး၊ ဦးဘဝင်းသား၊ မန်းဘခိုင်သား အားလုံးဟာ အဝေးရောက်သူနဲ့ အာဏာရှင်အဖမ်းခံထားရသူတွေ။ အဲ့လိုပါပဲ ၁၉၆၂ အသတ်ခံခဲ့ရတဲ့ ကျောင်းသားပြည်သူတွေရဲ့ မိသားစုတွေလည်း လွတ်လပ်စွာ နှစ်လည်ဆွမ်း မကပ်နိုင်ကြပါဘူး။ ၁၉၇၄၊ ၇၅၊ ၇၆၊ ၈၈ အာဇာနည်တွေလည်း ဒီလိုနည်းအတိုင်းပါပဲ။ ရက်လည်ဆွမ်းကပ်ဖို့ နေနေသာသာ အလောင်းတောင် သင်္ဂြိုဟ်ခွင့်မရတဲ့ အာဇာနည်မိသားစုတွေ။
၂၀၂၁ မှာလည်း ဦးခေါင်းသေနတ်မှန်ခံထားရသူတွေရဲ့ မရှုမလှ ရုပ်အလောင်းတောင် သင်္ဂြိုဟ်ခွင့်မရတဲ့ အာဇာနည်တွေကလည်း ဒုနဲ့ဒေးပါပဲ။ ပြည်သူလူထုကို အကာကွယ်ပေးရင်း ကျဆုံးသွားတဲ့ အာဇာနည်တွေကိုလည်း အခုထိ ဂုဏ်ပြုခွင့် မော်ကွန်းမထိုးနိုင်သေး။ အဲ့ဒီလိုအခြေအနေကို ကျော်လွှားနိုင်ဖို့အတွက် အာဏာရှင်အမြစ်ပြုတ်ရေးဟာ အသက်သွေးကြောတမျှ အရေးပါနေတာဖြစ်တယ်။
ဒါကြောင့် ၂၀၂၂ ဇူလိုင် ၁၉ ရဲ့ စိန်ရတုအာဇာနည်နေ့မှာ အာဇာနည် ၉ ဦးနဲ့အတူ အာဏာရှင်အဆက်ဆက် ဂုဏ်ပြောင်စွာ နိုင်ငံအတွက် အသက်ပေးလှူခဲ့ကြတဲ့ အာဇာနည်အပေါင်းအား ဦးညွှတ်ဂုဏ်ပြု မော်ကွန်းတင်ရင်း စစ်အာဏာရှင်စနစ် အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်ကြပါရန် နိုင်ငံချစ်ပြည်သူအပေါင်းအား အဓိဋ္ဌာန်ပြု တပ်လှန့် နှိုးဆော်လိုက်ရပါတယ်။
ဂန္ထဝင်မောင်တူး