ခေတ်က ကျပ်လာတယ်။ အသက်ရှူလို့ မဝတော့ဘူး။ ဘာပဲကြည့်ကြည့် အားလုံးဟာ အဆင်မပြေမှုတွေနဲ့ လုံးပန်းနေကြတယ်။ ကုန်စျေးနှုန်းတွေဆိုတာ တက်ရိပ်ပဲရှိတယ်။ ကျရိပ်မရှိဘူး။ လူတွေ အူမ မတောင့်တော့တဲ့အခါ သူခိုး ဓားပြတွေ တနေ့တခြား ပေါလာတယ်။
ဟိုနေရာ လုသွားပြန်ပြီ။ ဟိုနေရာ ခိုးသွားပြန်ပြီဆိုတဲ့ သတင်းတွေက ရပ်ကွက်ထဲမှာ နေ့တိုင်းနီးပါး ကြားနေရတယ်။
လုပ်ကိုင်စားသောက်ခွင့် အခွင့်လမ်းတွေ အားလုံးနီးပါး ရပ်ဆိုင်းသွားတယ်။ အရင်က စားအုန်းဆီဆိုတာ စျေးအပေါဆုံး အသက်သာဆုံး။ ခု သူက ပဲဆီစျေးနဲ့ ပခုံးချင်းယှဉ်နေတယ်။ တခါတလေ စားအုန်းဆီစျေးကတောင် ပဲဆီစျေးထက် ပိုမြင့်သွားသေးတယ်။
ဟင်းသီးဟင်းရွက်စျေးတွေကလည်း အရင်လိုမဟုတ်ဘူး။ စျေးသည်တွေအပြောကတော့ ဆီစျေးကြီးလို့ ကုန်စျေးနှုန်းတွေ တက်ကုန်တာဆိုပဲ။ ဓာတ်ဆီ ဒီဇယ်စျေးတွေက တလီတာ နှစ်ထောင်ကျော်အထက်မှာပဲ ရှိတယ်။ အရင်က ဟိုနားဒီနား တက္ကဆီငှားရင် ၁,၅၀၀ ပဲ ပေးရတယ်။ ခုတော့ သုံးထောင်ဆိုတာ အနည်းလေး။
ထိုင်နေကျ လက်ဖက်ရည်ဆိုင်က အရင် လက်ဖက်ရည်တခွက် ငါးရာကနေ အခု တခွက် ခုနှစ်ရာ ဖြစ်သွားတယ်။ ဆေးလိပ်သောက်သူတွေဆီကလည်း ခိုတွေလို ညည်းသံ ကြားလာရတယ်။ အရင်က စီးကရက်တဘူး နှစ်ထောင်ကျော်ကျော်လေးကနေ ခု သုံးထောင်ကျော်သွားပြီတဲ့။ တလိပ်ချင်းဝယ်သောက်ရင် တလိပ်ကို နှစ်ရာ့ငါးဆယ် ပေးရတယ်။
တလောလေးက WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က ဆန်ဝေသတဲ့။ မရှိနွမ်းပါး အိမ်ငှားတွေကိုပဲ ပေးတာလို့ ပြောသံကြားတယ်။ အိမ်ကောင်းကောင်း ငှားနေနိုင်တဲ့သူကို မပေးဘူးလို့ဆိုတယ်။ ရှိစေတော့၊ ဆန်ဝေဖို့ အုပ်ကြီးတပည့်တွေက စာရင်းကောက်တော့ သူတို့နဲ့သင့်ရာလူတွေကို ဦးစားပေး နာမည်ကောက်သွားတယ်။ မကျေနပ်သံတွေ ကြားနေရတယ်။ သူမပါလို့၊ ငါမပါလို့။
နာမည်စာရင်းကောက်ပြီး တပတ်လောက်အကြာ ဆန်ကားကြီး ရောက်လာတယ်။ တယောက်တအိတ်နှုန်း ပေးတာဆိုတော့ နာမည်စာရင်းပါတဲ့သူတွေ အလုအယက် ဆိုက်တွဲတွေနဲ့ သယ်ကြတယ်။ သိပ်မကြာဘူး၊ ဆန်ဝေလို့ပြီးသွားတော့ အသံတွေထွက်လာတယ်။ ဆန်တွေက အကြေတွေအများကြီးနဲ့ ဘယ်လိုမှ စားမရဘူးတဲ့။
အချို့က မုန့်လုပ်မယ့်သူတွေကို ပြန်ရောင်းစားကြတယ်။ စာရေးသူ နေတဲ့ ရပ်ကွက်ထဲက လူတွေကတော့ စျေးကြီးထဲက ဆန်ဆိုင်ကိုသွားပြီး ဆန်ကောင်း ဆယ်ပြည်နဲ့ လဲစားကြတယ်။
ခုတလော ဆိုက်တွဲတွေ ဖမ်းမယ်ဆိုတဲ့သတင်း ထွက်နေပြန်တယ်။ ခါးပိုက်နှိုက်တွေ သူခိုးတွေကလည်း ပေါချင်းသောချင်း။ ဘတ်စ်ကားပေါ်ရောက်ရင် ခရီးသည်အချင်းချင်း သတိပေးကြတယ်။
“ခါးပိုက်နှိုက် သတိထားကြပါ။ ခါးပိုက်နှိုက်ပေါတယ်။ ဟိုနေ့ကပဲ ကောင်မလေးတယောက် ဖုန်းပါသွားတယ်။”
ရပ်ကွက်ထဲက တောင်ဒဂုံက စက်ရုံတခုမှာ အလုပ်သွားလုပ်တဲ့ အလုပ်သမားလေးကလည်း စက်ဘီးအခိုးခံရလို့ ညည်းတယ်။
“ကျနော့်...စက်ဘီးဗျာ မနေ့ကမှဝယ်လာတာ၊ ညက အခိုးခံလိုက်ရတယ်။ အလုပ်က တောင်ဒဂုံထိ သွားရတာဆိုတော့ ဘက်ထရီဘီးလေး ရှိတာလေး မစားရက် မသောက်ရက်နဲ့ ဝယ်ထားတာ လေးသိန်းတောင် ပေးရတယ်။”
“စခန်းတိုင်ကွာ”
“တိုင်လို့ရော ဘာထူးမှာလဲ ရဲတွေက အလုပ်မှမလုပ်တာ။”
“ဘာဖြစ်ဖြစ် CCTV မှတ်တမ်းကြည့်ကွာ။ သေချာရင် သွားအမှုဖွင့်။”
ရပ်ကွက်ထဲ ပျောက်လိုက်တဲ့ပစ္စည်းတွေ ဒီရက်ထဲ ခပ်စိပ်စိပ်ဆိုပါတော့။ ရဲစခန်းသွားတိုင်တော့ စခန်းမှူးက ပြောသတဲ့။
“ငါတို့ကို ပြည်သူတွေက လက်မခံတော့ ရပ်ကွက်ထဲဆင်းဖို့တောင် မလွယ်ဘူး” တဲ့။
ဒီကာလထဲ ထူးခြားဖြစ်စဉ်ကတော့ စာရေးသူတို့ရပ်ကွက်ထဲမှာ အိမ်ကြီးအိမ်ကောင်းတွေ အမြန်ဆောက်နေကြတယ်။ ဘာစည်ပင်သာယာခွင့်ပြုချက် ဆိုင်းဘုတ်တခုမှ မတွေ့ရသလို ငွေရှားတဲ့ ခေတ်ကျပ်ထဲ ငွေပေါပေါသုံးနိုင်တာ အချို့တွေက အံ့ဩကြတယ်။
တချို့က ပြောကြတယ်။
“သူတို့က အိမ်ဆောက်နိုင်မှာပေါ့၊ အဘတွေနဲ့ စပ်တူ ဆီဆိုင်ဖွင့်ထားတာ။”
“ဟယ် တို့လမ်းထဲက စားအုန်းဆီဒိုင်လည်း အိမ်ကြီးအိမ်ကောင်း ဆောက်နေတယ်။”
မြို့နယ်ထဲက တွေ့သမျှ မြေလွတ် ပလပ်မြေတွေကို လက်ညှိုးထိုး ရောင်းစားတာလည်း ကုန်တော့မယ်။ အခွင့်အရေးရသခိုက် အကုန်သမ၊ ရသမျှ အကုန်ယူ လမ်းစဉ်နဲ့ တူပါရဲ့။
လက်ဖက်ရည်ဆိုင်မှာ ဆုံနေကျ မိတ်ဆွေတဦးက စင်တင်စားသောက်ဆိုင်တဆိုင်မှာ အလုပ်လုပ်တယ်။ သူ့ဆိုင်မှာ လာစားသောက်တဲ့ မြေပွဲစားတွေက ငွေကို ဘယ်လိုသုံးပစ်လိုက်တာ၊ ဗိုလ်ကြီးဘယ်သူ၊ ဗိုလ်မှူးဘယ်သူက လာသောင်းကျန်းသွားတာ၊ တည တည ဖြုန်းလိုက်ကြတာလည်း ဆယ်သိန်းဆိုတာ အသာလေး ဆိုတာမျိုးတွေကို သူက ဖောက်သည်ချတတ်တယ်။
စာရေးသူ ကားစောင့်နေကျ တောင်မြောက်လမ်းဆုံနားက ကားမှတ်တိုင်မှာ ဧည့်သည် လာလာစောင့်နေတဲ့ မိန်းကလေးငယ်တွေကို မကြာခဏ တွေ့လာရတယ်။ အလွန်ဆုံးရှိလှမှ ၁၅ နှစ် ၁၆ နှစ်အရွယ်တွေပေါ့။ ခေတ်ပျက်ကြီးက တွန်းပို့လိုက်လို့ အသက်မပြည့်သေးတဲ့ လိင်လုပ်သားတွေ လမ်းမပေါ်မှာ ပေါ်တင်လှုပ်ရှားနေကြပြီ။ တခါတလေ စာရေးသူနဲ့ မလှမ်းမကမ်းမှာပဲ ဧည့်သည်တွေနဲ့ စျေးစကားပြောသံ ကြားရတယ်။
“တရှော့ ဘယ်လောက်လဲ။” (တရှော့ဆိုတာ တကြိမ် လိင်ဆက်ဆံတာကို ပြောတာပါ။)
“သုံးသောင်းပါ … ဦး။”
“မများဘူးလားကွာ တနာရီ သုံးသောင်းဆို မဆိုးဘူး။”
သိပ်မကြာခင် HIV ပိုးကူးစက်ခံရသူနှုန်းတွေ မြင့်တက်လာတော့မယ်လို့ စာရေးသူ စဉ်းစားရင်း ခေါင်းကြီးလာမိပါတယ်။
ခိုး ဆိုး လု နှိုက် တွေက ပိုသောင်းကျန်းလာသလို ဟိုသတင်းရလို့ ဒီသတင်းရလို့ဆိုပြီး အရွယ်ကောင်း လူငယ်လေးတွေရှိတဲ့ အိမ်တွေကို အင်အားသုံး ဝင်ဖမ်းပြီး သိန်းသုံးဆယ်နဲ့ လာရွေးရင် အမှုပိတ်ပေးမယ်ဆိုတဲ့ လက်နက်ကိုင် ငွေညှစ်တဲ့ အမှုမျိုးတွေက ရှိသေးတယ်။ စကစ အာဏာသိမ်းပြီး တနှစ်ခွဲအတွင်းမှာ အလူးအလဲခံနေရတဲ့ ပြည်သူတွေရဲ့ ဘဝတွေပေါ့။
စကစနဲ့ ဆက်နွှယ်နေတဲ့သူတွေ အကျိုးအမြတ်ရှိလာတယ်။ မဘသ အုပ်စုတွေ ခေါင်းထောင်လာကြတယ်။ ဘယ်နေရာ ဘာသတင်းထူးလဲ စကစကို ဒလန်လုပ်ပေးကြတယ်။ သိပ်မကြာဘူး၊ ဒလန်ဘယ်သူ အသတ်ခံလိုက်ရပြီ ဆိုတဲ့သတင်း တက်လာရင် ပြည်သူတွေက သေတာတောင်နည်းသေးတယ်ဆိုပြီး ကောင်းချီးပေးကြတယ်။
လောင်းကစားတွေ ခေတ်ထလာတယ်။ ကြိတ်ဝိုင်းတွေ ရှိတယ်။ နှစ်လုံး သုံးလုံးထိုးတာက မရှိဆင်းရဲသားတွေရဲ့ နိစ္စဓူဝ အလေ့အထ ဖြစ်လာတယ်။ မူးယစ်ဆေးဝါးကတော့ လိုသလောက် ဝယ်လို့ရလာတယ်။
အာဆီယံအထူးကိုယ်စားလှယ်ကိုလည်း ပြည်သူတွေက စိတ်မဝင်စားဘူး။ လန်ချန်း မဲခေါင် ဘာညာ ဖိုရမ်လား၊ အစည်းအဝေးလား၊ တရုတ်ပြည်က နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ လာတာကိုလည်း စိတ်မဝင်စားဘူး။
လူအတော်များများက ဒေါ်အောင်ဆန်းစုကြည်ခေတ် ငါးနှစ်အတွင်းက အခြေအနေနဲ့ ခု စကစ တနှစ်ခွဲကျော်ကျော် အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်စဥ်တွေကို ယှဥ်တွဲပြီး စဥ်းစားတတ်လာကြတယ်။
ဘယ်ခေတ်က ပိုလွတ်လပ်လဲ။ ကုန်စျေးနှုန်းကစလို့ လူမှုစီးပွား ဘဝအာမခံချက်၊ လုံခြုံရေး၊ ငြိမ်းချမ်းရေး အစစအရာရာ ကွာခြားသွားတာကို သူတို့ ကောင်းကောင်းသိလာတယ်။
တနေ့က လက်ဖက်ရည်ဆိုင်ထိုင်ရင်း ဆုံဖြစ်တဲ့ မိတ်ဆွေ ပန်းချီဆရာတယောက်က ပြောတယ်။ ဒေါ်အောင်ဆန်းစုကြည်ပုံတွေ ငါးကားလောက် ဆွဲထားတာ မိတ်ဆွေတဦးက တကားကို ဆယ်သိန်းပေးပြီး ငါးကားလုံး လာဝယ်သွားပါသတဲ့။
ဒါနဲ့ ဝိုင်းထဲက အခြားတယောက်က ပြောတယ်။
“တခါက နာမည်ကြီး ပန်းချီဆရာကြီးတယောက်က ပြောဖူးတယ်။ ကျုပ်ကတော့ ပိုက်ဆံမရှိတော့ဘူးဆိုရင် ဒေါ်အောင်ဆန်းစုကြည်ပုံပဲ ဆွဲပြီး ရောင်းစားတာပဲ” တဲ့။
၂၀၁၀ ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီးနောက်ပိုင်း ဆယ်စုနှစ်ကာလတခုမက ဆေးဆိုးပန်းရိုက် လုပ်ငန်းတွေ၊ ပြက္ခဒိန်တွေ ဒေါ်အောင်ဆန်းစုကြည်ပုံတွေနဲ့ ဝက်ဝက်ကွဲ အလုပ်ဖြစ်လိုက်ကြပါသေးတယ်။
အဲဒီအချိန်တုန်းက သူ့ပုံတွေကို လူတွေက စီးပွားဖြစ်ရောင်းစားနေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကို သတင်းထောက်တယောက်က မေးတော့ ဒေါ်အောင်ဆန်းစုကြည်က ‘ကျမဓာတ်ပုံတွေကြောင့် လူတွေ စီးပွားဖြစ်တယ်ဆိုရင် ကောင်းတာပေါ့’ လို့ ရိုးရိုးရှင်းရှင်း ပြန်ပြောတဲ့စကားကို မှတ်မိပါသေးတယ်။ အဲဒီစကားက တဆင့်ပါးလိုက်တဲ့ သူ့ရဲ့ မေတ္တာဓာတ်ကို အတွေးထဲမှာတောင် ရနေသေးသလိုပါပဲ။
ဒေါ်အောင်ဆန်းစုကြည်ကတော့ အကျဉ်းကျခံနေရသည် ဖြစ်စေ၊ အပြင်ရောက်နေသည်ဖြစ်စေ၊ သူ့ဓာတ်ပုံလေးတပုံ၊ ပန်းချီကားလေးတချပ်နဲ့ပဲ ဖြစ်စေ၊ ပုံရိပ်လေးတခုနဲ့ပဲ ဖြစ်စေ ပြည်သူကို အလုပ်အကျွေးပြုနေတုန်းပါပဲ။
ပြည်သူအများစုကလည်း အခက်အခဲပေါင်းများစွာကို တောင့်ခံကျော်ဖြတ်ရင်း ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမယ့်နေ့ကို စောင့်နေကြတုန်းပါပဲ။ ဘာကြောင့်လဲဆိုတော့ သူတို့ ကျရောက်နေတဲ့ အမှောင်ခေတ်ကြီးထဲမှာ ဒေါ်အောင်ဆန်းစုကြည်က မျှော်လင့်ခြင်းအလင်းရောင်တခု ဖြစ်နေတုန်းမို့ပေါ့။
“ဘယ်အမှောင်---------- ဘယ်လိုမှောင်လဲ ******* တနေ့တော့လင်းရမယ် ****** စိတ်မလျှော့နဲ့လေ ******** အားလုံးကို ကျော်ဖြတ်ရမယ် ***** နွေကန္တာ **** ခရီးကြမ်းတွေ ***
ဆူးခင်းလမ်း ******** ခရောင်းတောနက်တွေ ***** စိတ္တဇညတွေ **** တလှမ်းချင်းလှမ်းလို့
မရောက် အရောက်သွားမယ်လေ ********** ဪ **** တနေ့တော့ အားလုံးကို ကျော်ဖြတ်ရမယ် ****”
နဒီမင်း
(The Myanmar Peace Narrative မှ ရေးသားတင်ဆက်သည်။)