မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ ကျေးရွာ ၄ ရွာက စစ်ဘေးရှောင်ပြည်သူ ၁၅၀၀ ကျော်အတွက် အရေးပေါ်အကူညီတွေလိုအပ်နေတယ်လို့ PDF-ဂန့်ဂေါ တောင်ပိုင်းတပ်ဖွဲ့ကနေ သိရပါတယ်။
ဂန့်ဂေါမြို့နယ် ပန်နန်း၊စံပယ်၊ယင်မာနဲ့ စံပယ်ရွာတွေကို ဇူလိုင် ၁၅ ရက်မနက်က စစ်ကောင်စီဘက်က အင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာလို့ ကျေးရွာ ၄ ရွာက ဒေသခံပြည်သူ ၁၅၀၀ ကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြရတယ်လို့ PDF-ဂန့်ဂေါ တောင်ပိုင်းတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုတိုးကြီးက ပြောပါတယ်။
“အဲဒီစစ်ဘေးရှောင်ပြည်သူတွေကို ကျနော်တို့ တပ်ဖွဲ့က ဘေးကင်းတဲ့ နေရာတွေကို ပို့ဆောင်ပေးထားကာ နေရာထိုင်ခင်းတွေစီစဥ်ပေးထားတယ်။ စားနပ်ရိက္ခာတွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပြုလုပ်ပေးထားတယ်။”
စစ်ကောင်စီစစ်ကြောင်းဟာ မြစ်သာ စစ်ဘက်ကနေ ထီးလင်းမြို့နယ်ဘက်ကို ဇွန်လ ၁၉ ရက်နေ့မှာ စစ်ကြောင်းထိုးပြီး ပြန်ဆုတ်လာတာဖြစ်တယ်။
အဆိုပါကျေးရွာတွေမှာ ပထမအကြိမ်စစ်ကြောင်ထိုးတဲ့ အခါမှာလည်း ရွာသားတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရဖူးပါတယ်။
ယင်းမာရွာသား တစ်ယောက်က “စစ်(...)တွေ စစ်ကြောင်းထိုးလာတယ်လို့ သတင်းကြိုရတာကြောင့် ကျနော်တို့ ဒေသခံတွေအားလုံး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်လာခဲ့ရတာပါ။ ပထမအကြိမ် စစ်ကြောင်းတွေကလည်း ရွာထဲတွေကို လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး နေအိမ်မှာကျန်ခဲ့တဲ့ လက်ဝတ်ရတနာတွေနဲ့ ငွေကြေးတွေကို စစ်(...)တွေက မတရား ခိုးယူတာတွေပြုလုပ်ကြသလို ပြည်သူတွေကိုလည်း ဖမ်းဆီးနှိပ်စက်တာတွေပြုလုပ်ခဲ့ကြတယ်” လို့ ပြောပါတယ်။
ဇွန်လ ၁၉ ရက်ကလည်း စစ်ကောင်စီတပ်တွေက ယင်းမာရွာထဲကိုဝင်ပြီး နေအိမ်တစ်လုံးကိုမီးရှို့ဖျက် ဆီးခဲ့ပါတယ်။ အဲဒီကနေ စင်ပုံရွာထဲကို ဝင်မွှေပြီး ကျောင်းထိုင်ဆရာတော်ကို သေနတ်နဲ့ထောက်ကာ ဘုရားဌာပနာနဲ့ ငွေကြေးတွေကိုလုယူသွားပါတယ်။
ပြည်သူတွေကိုလည်း ဘုန်းကြီကျောင်းဝင်းထဲမှာ ဝမ်းယားမှောက်ခိုင်းပြီး ဆွဲကြိုး၊ နားကပ်၊ လက်စွပ်၊ လက်ကောက်၊ လက်ကိုင်ဖုန်း၊ FZ ဆိုင်ကယ်တစ်စီးနဲ့ Honda Click ဆိုင်ကယ်တစ်စီကိုလည်း လုယူသွားတယ်လို့ ဆိုပါတယ်။
ကျေးရွာ ၄ ရွာက စစ်ဘေးရှောင်ပြည်သူတွေအတွက် ဝတ်အထည်၊ ဆေးဝါး ၊အမိုးအကာနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်အကူညီလိုအပ်နေလို့ ပြည်တွင်းပြည်ပအလှူရှင်တွေအနေနဲ့ PDF-ဂန့်ဂေါ တောင်ပိုင်းတပ်ဖွဲ့ကနေတဆင့် တတ်နိုင်သလောက် လှူဒါန်းပေးကြဖို့ အကူညီ တောင်းခံထားပါတယ်။