စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေတဲ့ ကရင်နီပြည်နယ် အမျိုးသားကာကွယ်ရေးတပ် KNDF အတွက် ပြည်သူတွေအနေနဲ့ NUGPay ကတဆင့် ထောက်ပံ့လှူဒါန်းနိုင်ဖို့ ဖိတ်ခေါ်ထားရာမှာ သီတင်းတပတ်အတွင်း မြန်မာငွေကျပ် ၂၅ သိန်းကျော် ရရှိခဲ့တယ်လို့ သိရပါတယ်။
ကရင်နီအရပ်ဘက်အဖွဲ့ရဲ့ မှတ်တမ်းအရ ပြီးခဲ့တဲ့ ဇွန် ၁ ရက်ကနေ ၃၀ ရက်အထိ ၁ လအတွင်း ကရင်နီပြည်နယ်မှာ တိုက်ပွဲပေါင်း ၄၄ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး ဒီးမော့ဆိုမြို့နယ်မှာ ၂၁ ကြိမ်နဲ့ အများဆုံး ဖြစ်ပွားခဲ့ တယ်လို့ သိရပါတယ်။
လတ်တလောမှာတော့ အကြမ်းဖက်စစ်ကောင်စီကို ခုခံတွန်းလှန်နေတဲ့ ကရင်နီပြည် သူရဲကောင်းတွေအတွက် ရန်ပုံငွေလိုအပ်ချက်တွေ ရှိနေတာမို့ NUGPay ကတဆင့် ကူညီလှူဒါန်းနိုင်ဖို့ ထုတ်ပြန်ထားတာပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ကရင်ပြည်နယ်၊ ဝေါလေဒေသ၊ ဥကရစ်ထစခန်းသိမ်းအောင်ပွဲအတွက် NUGPay ကနေ ၂ ရက်အတွင်း ရရှိခဲ့တဲ့ ငွေကျပ် ၄၆ သိန်းကျော်ကို ကော်ဘရာစစ်ကြောင်းဆီ ထောက်ပို့ခဲ့တာ ဖြစ်ပါ တယ်။
လက်ရှိမှာတော့ စစ်ကိုင်းတိုင်းထဲက ဗိုလ်နဂါးဦးဆောင်တဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော်-MRDA အပါအဝင် မြေပြင်တိုက်ပွဲဝင် တော်လှန်ရေးအဖွဲ့တွေ တော်တော်များများကလည်း NUGPay ကတဆင့် တော်လှန် ရေးရန်ပုံငွေတွေ ထောက်ပံ့လှူဒါန်းနိုင်ဖို့ ဖိတ်ခေါ်ထားခဲ့တာကို တွေ့ရပါတယ်။
NUGPay ကိုတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ ငွေကြေးစီးဆင်းမှုစနစ်အပေါ် မှီခိုနေရတာကို အဆုံးသတ်ဖို့အတွက် ဒစ်ဂျစ်တယ်မြန်မာကျပ် (DMMK) နဲ့ NUGPay မိုဘိုင်းပိုက်ဆံအိတ်ကို စတင်ထုတ်ဝေလိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြီးခဲ့တဲ့ ဇွန် ၂၆ ရက်မှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။
အဆိုပါကြေညာချက်မှာ ဖော်ပြချက်အရ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် ချေမှုန်းနိုင်ဖို့အတွက် သီးခြားလွတ်လပ်ပြီး လုံခြုံစိတ်ချရတဲ့ ငွေကြေးလည်ပတ်မှု ယန္တရားစနစ်ကို ထူထောင်ထားတာ ဖြစ်တယ်လို့ NUG အစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောထားပါတယ်။
မြန်မာကျပ်ငွေနဲ့ တူညီစွာ တန်ဖိုးရှိတဲ့ ဒစ်ဂျစ်တယ် မြန်မာကျပ် (DMMK) ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ တရားဝင်ဒစ်ဂျစ်တယ်ငွေကြေးအဖြစ် သတ်မှတ်ထားရှိတဲ့အပြင် ဒီငွေကြေးစနစ်ကို အသုံးပြုနိုင်ဖို့ တွဲဖက်အသုံးပြုရမယ့် NUGPay မိုဘိုင်းပိုက်ဆံအိတ်ကိုလည်း တခါတည်း ထုတ်ဝေထားပါတယ်။