ရခိုင်ကမ်းလွန်ပင်လယ်ပြင်ထဲမှာ စစ်ကောင်စီတပ်က ဇူလိုင် ၆ ရက်က စစ်ရေးလေ့ကျင့်ပစ်ခတ်မှုတွေပြုလုပ်ခဲ့ပြီးနောက် ဇူလိုင် ၁၃ ရက် မနက်ပိုင်းမှာတော့ မာန်အောင်မြို့နယ် မိန်းမကြွယ်ကမ်းခြေမှာ မပေါက်ကွဲသေးတဲ့ တော်ပီတို လက်နက်ကြီးတလုံး တွေ့ရှိခဲ့တယ်လို့ မာန်အောင်ဒေသခံတွေက ပြောပါတယ်။
အဲဒီလက်နက်ဟာ ရေငုပ်သင်္ဘောက ပစ်လိုက်တယ်လို့ သိရှိထားပြီး မပေါက်ကွဲသေးလို့ လူတွေ သိပ်သွားမကြည့်ရဲကြဘူးလို့ မာန်အောင်ကျွန်း ဒေသခံတယောက်က ပြောပါတယ်။
အဲဒီ တော်ပီဒိုဒုံးဟာ အရှည် ၉ ပေ၊ လုံးပတ် ၃ ပေပတ်လည်ရှိပြီး လက်နက်ပေါ်မှာ D&P တော်ပီဒိုလို့ ရေးသားထားတဲ့စာတန်း ပါရှိကာ လက်ရှိမှာ တာဝန်ရှိသူတွေ စစ်ဆေးဖို့ ရောက်နေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
ရက္ခိုင့်တပ်တော် အေအေနဲ့ စစ်ကောင်စီတို့ ဒေသတွင်းမှာ စစ်ရေးတင်းမာပြီးတဲ့နောက် ရခိုင်ကမ်းရိုးတန်းရေပြင်မှာ တပ်မတော်(ရေ) ရဲ့ စစ်ရေးလေ့ကျင့်ပွဲကို အာဏာသိမ်းစစ်ခေါင်းဆောင်ကိုယ်တိုင် တက်ရောက်ခဲ့တာလည်း ဖြစ်ပါတယ်။
အဲဒီလို ပင်လယ်ပြင်ထဲမှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် ရှားပါး ဝေလငါး သားပေါက်တကောင် သေဆုံးသွားခဲ့သလို အခုလို မပေါက်ကွဲသေးတဲ့ တော်ပီဒိုလက်နက်လည်း တွေ့ရှိခဲ့တာပါ။
မြန်မာနိုင်ငံမှာ အိန္ဒိယနိုင်ငံက ဝယ်ယူထားတဲ့ ရုရှားနိုင်ငံထုတ် ရေငုပ်သင်္ဘောကို ၂၀၂၀ မှာ လက်ခံရရှိထားပြီး တရုတ်နိုင်ငံထုတ် ရေငုပ်သင်္ဘောကိုတော့ ၂၀၂၁ ခုနှစ်မှာ လက်ခံရရှိထားကာ ရေငုပ်သင်္ဘော စုစုပေါင်း ၂ စီး ပိုင်ဆိုင်ထားတယ်လို့လည်း သိရပါတယ်။