JW(ADK) အထည်ချုပ်စက်ရုံ အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေအားလုံးကို ဆောင်ရွက်ပေးမယ်လို့ အလုပ်ရှင်ကိုယ်စား စက်ရုံတာဝန်ရှိသူတွေက လက်မှတ်ထိုး သဘောတူလိုက်ပြီ ဖြစ်တယ်လို့ စက်ရုံလုပ်သားတွေထံက သိရပါတယ်။
ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝင်းထဲမှာရှိတဲ့ JW(ADK) စက်ရုံက ထောင်နဲ့ချီတဲ့ လုပ်သားတွေဟာ လုပ်ခလစာဖြတ်တောက်ခံရတာ၊ အလုပ်သမားအခွင့် အရေးချိုးဖောက်ခံနေရတာ နဲ့ပတ်သက်လို့ ဇူလိုင် ၇ ရက်က အဲဒီစက်ရုံဝင်းအတွင်းဆန္ဒပြ တောင်းဆိုခဲ့ကြတာပါ။
အဲဒီလိုဆန္ဒပြခံရပြီးတဲ့နောက် စက်ရုံဘက်က ကိုယ်စားလှယ် ၃ ဦး၊ အလုပ်သမားဘက်က ကိုယ်စားလှယ် အယောက် ၂၀ တွေ့ဆုံညှိနှိုင်းခဲ့ပြီး တောင်းဆိုချက်တွေအားလုံးကို သဘောတူတဲ့ စာချုပ်ချုပ်ဆိုနိုင်ခဲ့တယ်လို့ သိရပါတယ်။
စက်ရုံလုပ်သားတစ်ဦးက"သဘောတူညီချက်တွေကိုစက်ရုံလုပ်သားတွေမြင်နိုင်မယ့်နေရာမှာကပ်ပြီး အသိပေးထားတယ်။ စာချုပ်မူရင်းကိုတော့ စက်ရုံဘက်က ယူထားတယ်" လို့ ပြောပါတယ်။
အလုပ်သမားတွေဟာ လုပ်ခလစာအပြည့်ပြန်ရရေး အပါအဝင် အချက် ၁၀ ချက်ကို တောင်းဆိုခဲ့ကြတာ ဖြစ်ပြီး အချက်အားလုံးနီးပါးသဘောတူညီမူရရှိတယ်လို့ဆိုပါတယ်။ အဲဒီသဘောတူညီချက်ထဲမှာ ကျွမ်းကျင်ဆုကြေး ၊ ထုတ်လုပ်မူဆုကြေးတွေ ပြန်ပေးဖို့၊ ဆေးခွင့်၊ ရှောင်တခင်ခွင့်ပေးဖို့၊ အလုပ်သမားရေးရာညှိနိူင်းရေးကော်မတီသစ်ပြန်ဖွဲ့ ဖို့၊ ဆန္ဒပြတဲ့နေ့ကအလုပ်သမားတွေကို လုပ်ခမဖြတ်ဖို့နဲ့ အရေးမယူဖို့၊ လုပ်သမားတွေကို ဆဲဆိုခိုင်းစေတာ မလုပ်ဖို့စတဲ့အချက်တွေ ပါဝင်ပါတယ်။
အလုပ်သမားတွေရဲ့တောင်းဆိုချက်တွေကို စက်ရုံဘက်က သဘောတူကြောင်း လက်မှတ်ရေးထိုးပေမဲ့ အမှန်တကယ်ဆောင်ရွက်ပေးတာရှိမရှိကိုတော့ စောင့်ကြည့်သွား ရမယ်လို့ အလုပ်သမားတွေက ဆိုပါတယ်။
JW(ADK)စက်ရုံဟာ အလုပ်သမား ၃၅၀၀ ကျော်လောက်နဲ့ လည်ပတ်နေတဲ့စက်ရုံဖြစ်ပြီး ဇူလိုင် ၇ ရက်နေ့ ဆန္ဒပြမူဟာ စစ်အာဏာသိမ်းကာလအတွင်း အလုပ်သမားတွေရဲ့ အခွင့်အရေးအတွက် ပထမဆုံးနဲ့ လူအင်အားအများဆုံးဆန္ဒပြမှုဖြစ်လာခဲ့ပါတယ်။