ရွှေမည်းဆိုတဲ့ အသံကြားလိုက်တာနဲ့ အညာဒေသရဲ့ ရေနံလက်ယက်တွင်းတိမ် လောကသားတွေရဲ့ ဗန်းစကားဆိုတာ အညာဒေသရဲ့ ရေနံမှော်တွေဆိုတာ ဒေသခံတွေအတော်များများ သိကြပြီး ဖြစ်ပါတယ်။
အထူးသဖြင့် မကွေးတိုင်းအတွင်းက အထက်မင်းလှ၊ သရက်၊ မြိုင်နဲ့ ပေါက်မြို့နယ်တွေဟာ ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းနဲ့ မြေကြီးက ရွှေသီးခဲ့တဲ့ လုပ်ငန်းတစ်ခုဆိုရင် မှားမယ် မထင်ပါဘူး။
မကွေးတိုင်းမှာ ဆိုရင် ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းကို ၁၉၉၅ ခုနှစ်လောက်က စတင်ပြီး မြိုင်မြို့နယ် ဆူးဝင်းရေနံမှော်၊ ဝယ်တောင်၊ ငလိုင်တွင်းနဲ့ မော်ကယ် ရေနံမှော်တွေက အစောဆုံး ပေါ်ပေါက်ခဲ့တာလို့ မြိုင်မြို့နယ်ဒေသခံတွေဆီကနေ သိရပါတယ်။
အဲဒီခေတ်အဒီအခါက ရေနံလက်ယက်တွင်းတူးဖော်ရာမှာ ရခိုင်စင် (ခေါ်) လက်ထောင်းစင်နဲ့ လူ ငါးယောက် ခြောက်ယောက်လောက် ကြိုးနဲ့ဆွဲပြီး တူးဖော်ကြရပါတယ်။
အနက်ပေ ၂၀၀ ကျော် ၃၀၀ လောက် တူးဖော်လိုက်တာနဲ့ ရေနံထွက်လာပြီး ကုန်ကျစရိတ် သက်သက်သာသာနဲ့ ဒေသခံပြည်သူတွေ ရွှေမည်းကနေ လက်ဖျားက ငွေသီးတဲ့ ခေတ်တခေတ်ကို ဖြတ်သန်းခဲ့ကြတာပေါ့။
အဲဒီရေနံမှော်တွေကိုလည်း နဝတ စစ်အစိုးရခေတ်ဆိုတော့ ပြည်သူတွေပိုင်တဲ့ ရေနံတွင်းတွေကို မီးရှို့ဖျက်ဆီး၊ ပြည်သူတွေကို မတရားဖမ်းဆီးထောင်ချ၊ ခရိုနီတွေရဲ့ ကုမ္ပဏီတွေကို လုပ်ပိုင်ခွင့်တွေ ချပေးပြီး မတရား ကုပ်သွေးစုပ် အမြတ်ကြီးစားလို့ ပြည်သူလူထုတွေ နစ်နာဆုံးရှုံးကာ ရွှေမည်းတခေတ် နေဝင်တဲ့ နေ့ရက်တွေကို ရောက်ခဲ့ရတော့တာပါပဲ။
ရွှေမည်းလောက နှစ်အတော်ကြာ ကွယ်ပျောက်သွားခဲ့ရာကနေ ၂၀၀၃ ခုနှစ်ဝန်းကျင်လောက်မှာတော့ အထက်မင်းလှမြို့နယ်မှာ ကြွေကုတင် ရေနံမှော်ဆိုပြီး ထပ်မံပေါ်ပေါက်လာပြန်တယ်လို့ ကြွေကုတင်ရေနံမှော်မှာ ရေနံလုပ်ငန်းလုပ်ကိုင်ဖူးတဲ့ ကိုထွန်း(အမည်လွှဲ)က ပြောပြပါတယ်။
ဆူးဝင်း၊ ဝယ်တောင်ဘက်က နည်းပညာတွေပါ ကြွေကုတင် ရေနံမှော်ကို သယ်ဆောင်လာကြပြီး လက်ထောင်းစင်တွေနဲ့ ပေ ၄၀၀ ပတ်ဝန်းကျင်လောက် တူးဖော်ကာ ပြည်သူတွေ လက်ဖျားက ငွေသီးတဲ့ ခေတ်တခေတ်ကို ပြန်လည်ရောက်ရှိခဲ့ပြန်တယ်။
အဲဒီခေတ်အခါကလည်း ကျီးလန့်စာစားပါပဲ။ MOGE နယ်မြေနဲ့ မလွတ်လို့ဆိုပြီး ခိုးတူး ခိုးခပ်ရတဲ့ အခြေအနေပေါ့။ ဘယ်လိုပဲနေနေ ဂိတ်ကြေး၊ ရဲကြေး ပေးလိုက်ရင် အလုပ်လုပ်လို့ အဆင်ပြေသေးတယ်လို့ ပြောပြပါတယ်။
အဲဒီဒေသမှာ အထူးခြားဆုံးကတော့ ရွှေမည်းကို ဖင်ခုထိုင်ထားတဲ့ ရေနံမဆိုတဲ့ ရွာကြီး တရွာ ရှိနေပါတယ်။ အဲဒီရွာကတော့ အင်္ဂလိပ်ခေတ်ကတည်းက တူးဖော်ထားတဲ့ ရေနံတွင်းအိုတွေ အများကြီးနဲ့ပေါ့။
အိမ်အောက်ထဲကို တူးဖော်လိုက်ရင်ကို ရေနံထွက်တဲ့ရွာ။ ရေတူးရင်လည်း ရေနံထွက်လို့ ကန်ရေကို အမှီပြုပြီး နေရတဲ့ရွာပေါ့။ ရေတစည်ကို ကျပ် ၁၅၀၀ နဲ့ ဝယ်သုံးကြရတယ်လို့ ရေနံမရွာ ဒေသခံ ကိုငြိမ်းမောင်(အမည်လွှဲ)က ဆိုပါတယ်။
အထူးသဖြင့် ရေနံမ(တောင်ဘက်)ရွာနဲ့ ရေနံမ(သပြေမြောင်)ဘက်ကတော့ ရေနံအထွက်နှုန်း အများဆုံးပေါ့။ အိမ်တိုင်း၊ ခြံတိုင်းမှာ ရေနံတွင်းတွေ ပိုင်ဆိုင်ထားကြပြီး နတ်သိကြားတွေ ဖန်ဆင်းထားတဲ့ ရွာလားလို့တောင် ထင်ရတယ်လို့ ပြောပါတယ်။
အိမ်တိုင်း ရေနံရရှိပြီး နေ့စဥ် သိန်းနဲ့ချီ ဝင်ငွေပုံမှန်ရရှိနေတဲ့ရွာပေါ့။ အဲဒီရွာသားတွေဟာ နိုင်ငံရပ်ခြားကို သွားရောက်အလုပ်လုပ်ကိုင်တဲ့သူ မရှိသလောက်ပါပဲ။ မိန်းမတောင်းရင်တောင်မှ ရေနံတူး ရေနံခပ်ရာမှာ အသုံးပြုတဲ့ စက်ကလပ်ခုံ တစုံက အမြဲတမ်းပါဝင်ရတယ် ဆိုပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ ငနောင်မုန်း၊ ဖလံရုံ၊ ကျောက်ထစ်၊ မှန်ပြင်၊ လယ်ကန်၊ ဓာတ်ကုန်း၊ ကျောက်ပုံ ရေနံမှော်တွေ ပေါ်ပေါက်လာပြီး လက်ထောင်းစင်ခေတ်ကနေ စက်ကလပ်ခုံကို အသုံးပြုပြီး တူးဖော်လာကြပါတယ်။
၂၀၀၆ ခုနှစ်လောက်မှာတော့ ရေနံမှော်တွေ ရောင်းဝယ်ဖောက်ကားသူတွေနဲ့ စည်ကားသိုက်မြိုက်လာခဲ့ပါတယ်။
ခေတ်ကာလတွေပြောင်းလာတာနဲ့အမျှ နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်လာကာ ရေလုံးစက်၊ ကရောင်းစက် စင်ကြီးတွေကို အသုံးပြုကာ အနက်ပေ ၁၀၀၀ လောက်အထိ တူးဖော်လာကြပြီး အထွက်နှုန်းလည်း ပိုမိုကောင်းမွန်လာခဲ့ပါတယ်။
ရေနံမှော်ရဲ့ သဘောသဘာဝကတော့ တနေရာတည်းမှာ တည်မြဲမှုမရှိဘဲ ရွေ့လျားတတ်တဲ့ သဘော ရှိပါတယ်။
ရေနံမရွာ အနီးပတ်ဝန်းကျင်မှာတော့ ရေနံမှော်တွေ အမြောက်အမြား ပေါက်ပေါက်ခဲ့သလို MOGE နယ်မြေဖြစ်တဲ့ ထန်းကိုင်း၊ ဒဟတ်ပင်၊ ညောင်ဝိုင်းဘက်တွေမှာလည်း ရေနံမှော်တွေ အများအပြား ပေါ်ပေါက်ခဲ့ကြပါတယ်။
သရက်မြို့နယ်ဘက်မှာလည်း ပိတောက်ပင်၊ ငါးခူအိုင်၊ ငါးဘတ်ကျ စတဲ့ ရေနံမှော်တွေ ပေါ်ပေါက်ခဲ့ပြီး ဧရာဝတီမြစ်အနောက်ဘက်ခြမ်းက ခရိုင်မြို့ကလေး အရောင်းအဝယ်တွေ ကောင်းမွန်ပြီး စည်ကားသိုက်မြိုက်လာခဲ့ပါတော့တယ်။
ရေနံမှော်တွေကို လာရောက်မှီခို လုပ်ကိုင်ကြတဲ့ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က ပြည်သူ ၃ သိန်းကျော်လောက်အတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိခဲ့တယ်လို့ ရေနံတွင်းတူး လုပ်သားတယောက်က ပြောပြပါတယ်။
ရေနံလုပ်သားတယောက်ရဲ့ အနိမ့်ဆုံးဝင်ငွေဟာ တရက်ကို ကျပ် ၁၀,၀၀၀ ကနေ ကျပ် ၅၀,၀၀၀ လောက်အထိရရှိကြတယ်။
ထမင်းဆိုင်၊ စားသောက်ဆိုင်၊ သံပိုက်ဆိုင်တွေအပြင် ရေနံတူးဖော်ရာ အသုံးပြုတဲ့ပစ္စည်းတွေ ရောင်းတဲ့ဆိုင်တွေကလည်း အများအပြား ဖွင့်လှစ်ရောင်းချကြပြီး ကြက်ပျံမကျ စည်ကားဖွံ့ဖြိုးခဲ့ပါတယ်။
၂၀၁၆ နှစ်လောက်မှာတော့ အထက်မင်းလှမြို့နယ်နဲ့ သရက်မြို့နယ်ဘက်က ရေနံမှော်တွေမှာ ရေနံအထွက်နှုန်း တဖြည်းဖြည်းနဲ့ လျော့နည်းကျဆင်းလာပြီး ရွှေမည်းတခေတ် မှေးမှိန်ခဲ့ရပြန်တယ်။
ရေနံမုဆိုးလို့ ခေါ်ဝေါ်တဲ့ ရေနံတွင်းတူး လုပ်ငန်းရှင်တွေကတော့ ၂၀၁၆ ခုနှစ်လောက်မှာပဲ ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ် အစပ်မှာရှိတဲ့ သပြေညိုရေနံမှော်မှာ အစမ်းကျင်းတွေ တူးဖော်ရာကနေ ရေနံလျှံတွင်းတွေ ပေါ်ထွက်လာခဲ့ပြန်တယ်။
ရေနံလောကသားတွေရဲ့ ထုံးစံအတိုင်းဘဲ ရေနံမှော် ပေါ်တဲ့နေရာကို သွားစုကြပြန်ပါတော့တယ်။
ရေနံမှော်တွေမှာက စျေးဆိုင်တွေ အများစုကလည်း ရွေ့လျားစနစ်နဲ့ပဲ ရောင်းဝယ်ကြရတာလို့ သပြေညိုရေနံမှော်က ထမင်းဆိုင်ပိုင်ရှင် မမြညို(အမည်လွှဲ) က ပြောပြပါတယ်။
“ရေနံလုပ်သားတွေကို မှီခိုရောင်းချရတာဖြစ်လို့ ကျမတို့ရဲ့ စျေးဆိုင်တွေကို အခိုင်အမာ မတည်ဆောက်ကြဘူး။ မျောတိုင်နဲ့ ဝါးထရံကာ၊ သွပ်ကို ဝါးညှပ်မိုးပြီး တည်ဆောက်ကြရတာ။ မှော်ပေါ်တဲ့နေရာကို ရွှေ့ပြောင်းရောင်းချရတာဆိုတော့ မကြာခဏ ပြောင်းရွှေ့စရိတ်တွေ ကုန်ကျပါတယ်။ ဒါပေမဲ့ မှော်မြဲရင်တော့ ရောင်းချလို့ အဆင်ပြေတယ်။”
ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းမှာတော့ ရေနံတွင်းတူးသား၊ စက်ပိုင်၊ တွင်းပိုင်၊ ဆီခပ်သား၊ ဆီခြံပိုင်ရှင်၊ ဘောက်ဆာကားပိုင်ရှင်၊ မှော်တိုက်ကားပိုင်ရှင် စတဲ့ အလွှာအသီးသီးရှိကြပြီး ရေနံမှော်ကို မှီခိုနေကြတဲ့ စျေးဆိုင်တွေ အများအပြားရှိနေကြပါတယ်။
အန်အယ်လ်ဒီ ပြည်သူ့အစိုးရလက်ထက်မှာတော့ မကွေးတိုင်းအတွင်းမှာ တရားဝင် ရေနံလုပ်ကွက် ၃၃ ကွက် လုပ်ပိုင်ခွင့်ပြုပေးခဲ့ပါတယ်။
ရေနံမှော်တွေမှာက တရားဝင်တဲ့ရေနံမှော်တွေရှိသလို တရားမဝင်ရေနံမှော်တွေလည်း အမြောက်အမြား ရှိနေခဲ့ပါတယ်။
မင်းလှမြို့နယ်အတွင်းမှာသာ တရားဝင်လုပ်ကွက်အများအပြား ခွင့်ပြုထားပြီး မြိုင်၊ ပေါက်နဲ့ သရက်မြို့နယ်ဘက်တွေမှာတော့ MOGE နယ်မြေနဲ့ မလွတ်လို့ သစ်တောကြိုးဝိုင်းနဲ့ မလွတ်လို့ ဆိုပြီး ရေနံလုပ်ကွက်တွေကို ခွင့်ပြုမပေးခဲ့ကြပါဘူး။
လုပ်ကွက်မရှိတဲ့ ရေနံမှော်တွေကတော့ တရားဝင်လုပ်ကွက် ခွင့်ပြုပေးထားတဲ့ လုပ်ငန်းရှင်တွေဆီကနေ ရေနံသယ်ယူခွင့် မျောစာရွက်တွေ အမြတ်ငွေပေးပြီး ဝယ်ယူကာ မုံရွာမြို့နဲ့ ကြံခင်းဘက်က ရေနံချက်ဖိုတွေကို ပို့ဆောင်ရောင်းချကြပါတယ်။
ရေနံမျောစာတစောင်ကိုတော့ ၁၂ ဘီး ဆီဘောက်ဆာအတွက်ကို ကျပ် ၉ သိန်းကျော်လောက် စျေးပေါက်ပြီး ၂၂ ဘီးအတွဲ ဘောက်ဆာတွေ အတွက်ဆိုရင် ကျပ် ၁၇ သိန်းလောက် ပေါက်စျေးရှိတယ်လို့ ဆီဘောက်ဆာ ယာဥ်မောင်းက တယောက်က ပြောပြပါတယ်။
ဒီရေနံမှော်တွေဟာ နိုင်ငံတော်အစိုးရ အဆက်ဆက်နဲ့ တိုင်းဒေသကြီးအတွက် အခွန်ဘဏ္ဍာငွေတွေ အမြောက်အမြား ရှာဖွေပေးခဲ့ပြီး တိုင်းဒေသကြီးရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာများစွာ အထောက်အပံ့ ဖြစ်ခဲ့တာပါ။
သပြေညိုရေနံမှော် ပေါက်ပေါက်လာပြီးနောက်မှာ လက်ပံတို၊ ကျွဲကူး၊ ရေခါး၊ ကြက်ဆူအိုင်၊ ကျောက်ခွက်၊ ဆုံကုန်း၊ လယ်အို၊ သရက်ကန်ရေနံမှော်တွေ အပါအဝင် ရေနံမှော်တွေ အများအပြား ပေါ်ပေါက်ခဲ့ကြတယ်။
နာမည်တလုံးတည်းရှိတဲ့ မြိုင်နဲ့ ပေါက်မြို့နယ်တွေက ပြည်သူတွေအပါဝင် နိုင်ငံအနှံ့အပြားက ပြည်သူ ၂ သိန်းကျော်လောက်အတွက် အလုပ်အကိုင် အခွင့်လမ်းတွေကို သဘာဝတရားကြီးက ဖန်းတီးပေးလိုက်တာပေါ့။
အဲဒီရေနံမှော်တွေမှာဆိုရင် ရေခါးမှော်ဟာ အထင်ရှားဆုံးနဲ့ ရေနံအထွက်နှုန်း အကောင်းဆုံးမှော် အဖြစ် ထင်ရှားခဲ့ပါတယ်။
ရေခါးရေနံမှော်မှာတော့ အနက်ပေ ၄၀၀၀ လောက်အထိတူးဖော်ကြရပြီး ရေနံတတွင်းကို ကျပ်သိန်း ၁၀၀၀ ဝန်းကျင်လောက် ရင်နှီးမြှုပ်နှံကြရပါတယ်။
တယောက်တည်း မရင်းနိုင်တဲ့သူတွေကတော့ ဆွေမျိုးတွေ၊ မိတ်ဆွေတွေ စုပေါင်းပြီး မူးစု(ရှယ်ယာတစ်ဝက်)၊ မတ်စု(လေးပုံတစ်ပုံ) အစုရှယ်ယာတွေနဲ့ တူးဖော်ကြရပါတယ်။
ရေနံတစ်တွင်း လျှံသွားပြီဆိုရင်လည်း ရေနံကို ခပ်စရာမလိုဘဲ မြေကျင်းတူး မိုးကာခင်းထားတဲ့ ကံကြီးတွေထဲကို ပိုက်တွေနဲ့ သွယ်ပေးလိုက်ရုံနဲ့ ရေနံက သူ့အလိုလိုသူ လျှံထွက်နေတာပါ။
ရေနံတွင်းတစ်တွင်း လျှံကျင်းပေါက်ပြီး အောင်မြင်သွားပြီဆိုတာနဲ့ ဆီဘောက်ဆာ ၇ စီးကနေ ၁၀ စီးတိုက် (ဆီအလုံးရေ ၇၀၀ ကနေ ၁၀၀၀) လောက်အထိထွက်ရှိပြီး တရက်ဝင်ငွေ ကျပ် သိန်း ၁၀၀၀ လောက်အထိ ရရှိခဲ့ကြတယ်လို့ ရေခါးရေနံမှော်က ရေနံတွင်းပိုင်ရှင်တစ်ယောက်ဖြစ်တဲ့ ကိုမျိုးနိုင်(အမည်လွှဲ)က ပြောပြပါတယ်။
ရေနံလောကမှာ အကျိုးအမြတ်အများဆုံးရရှိတာက ယာပိုင်ရှင် မြေပိုင်ရှင်တွေပါပဲ သူပိုင်ဆိုင်တဲ့ ယာကွက်ထဲမှာ ရေနံထွက်ပြီဆိုတာနဲ့ တွင်းပေါက် တပေါက်ခကို အထွက်နှုန်း ကောင်းရင်ကောင်းသလိုကျပ် သိန်း ၁၀၀ လောက်အထိ ပေးဝယ်ပြီးမှ တူးဖော်ကြရတာလည်း ဖြစ်ပါတယ်။
ရေနံတူးတယ်ဆိုတာကတော့ မြေကြီးထဲက မမြင်ရတဲ့ အရာကို တူးဖော်ကြရတာဖြစ်လို့ တူးတိုင်းလည်း မပေါက်သလို တွင်းတတွင်း အောင်မြင်ဖို့ဆိုတာလည်း မလွယ်ကူလှပါဘူး။
တူးဖော်နေတဲ့အချိန်မှာလည်း သံပိုက်ညှပ်တာ၊ ပိုက်ပြတ်တာ၊ မြေပြိုတာ၊ ပလ္လင်ပွင့်တာနဲ့ ကျင်းပေါင်းတာတို့ စတဲ့ အခက်ခဲတွေအမျိုးမျိုး ကြုံတွေ့ကြရပြီး တတွင်း ရှုံးလိုက်တာနဲ့ သိန်း ၁၀၀၀ ကျပ်လောက်ကို တွင်းထဲကို ပစ်ချလိုက်သလိုပါပဲ။
ရေနံရဲ့ သဘောသဘာဝကတော့ အမြဲတမ်းထွက်တယ်ဆိုတာ မရှိပါဘူး။ တဖြည်းဖြည်းနဲ့ လျော့ကျလာတတ်ပါတယ်။
အဲဒီအချိန်မှာ ခပ်လျှံဆွဲတာတို့ စက်ကလပ်ခုံနဲ့ ခပ်တာတို့ ပြုလုပ်ကြရပါတယ်။ လျှံကျင်းကနေ ပေပါကျင်း လုံးကျင်းတွေ ပြန်ဖြစ်သွားပြီး ဆီခန်းသွားတတ်ပါတယ်။
သပြေညိုရေနံမှော်ရဲ့ သက်တမ်း ၅ နှစ်လောက်မှာ စစ်တပ်က နိုင်ငံတော်အာဏာကို ပြည်သူ့အစိုးရဆီကနေ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ မတရား သိမ်းပိုက်တာ ခံလိုက်ရတော့ ရေနံလောကဖြစ်တဲ့ ရွှေမည်းတို့ရဲ့ အိပ်မက်တွေ ဆောက်တည်ရာမရ ဖြစ်တော့တာပါပဲ။
စစ်အာဏာရှင်အုပ်ချုပ်တာကို လက်မခံနိုင်တဲ့ ပြည်သူတပ်ရပ်လုံးက အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေကနေတဆင့် လက်နက်ကိုင်ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့တွေ ပေါ်ပေါက်လာခဲ့ပါတော့တယ်။
အဲဒီရေနံမှော်တွေကနေ စစ်ကောင်စီအတွက် နေ့စဥ် အခွန်ဘဏ္ဍာငွေတွေ ရရှိနေတာကြောင့် PDF တပ်ဖွဲ့တွေက ရေနံမှော်ကို ထိန်းချုပ်လိုက်တော့ စစ်ကောင်စီရဲ့ နှာနုရိုးကို ရိုက်ချိုးခံလိုက်ရသလို ဖြစ်တော့တာပါပဲ။
မြိုင်မြို့နယ်ဘက်မှာ PDF တွေအားကောင်းလာတာနဲ့အမျှ စစ်ကောင်စီဘက်က ဒီရေနံမှော်တွေ ရှိနေလို့ PDF အင်အားကောင်းလာတာ။ ဒီရေနံမှော်က အထောက်ပံ့တွေ ရရှိလို့ PDF တွေ ရပ်တည်နိုင်ကြတာလို့ စွပ်စွဲပြီး ရေနံလုပ်ငန်းကို အန္တရာယ်ပေးဖို့ ကြံစည်တော့တာပါပဲ။
PDF တပ်ဖွဲ့တွေကလည်း စစ်ကောင်စီကို အခွန်ပေးဆောင်တဲ့ ကားတွေ ဖြတ်သန်းသွားတာတာတွေ မပြုလုပ်ဖို့ ဖောက်ခွဲ သတိပေးတာတွေ ပြုလုပ်လာပါတော့တယ်။
ရေနံအရောင်းဝယ်သမားဘဝကတော့ စစ်ကောင်စီကိုလည်း ကြောက်ရ၊ PDF ကိုလည်း ကြောက်ရနဲ့ အကုန်လုံးကို ကြောက်နေရတော့တာပါပဲ။
မြိုင်မြို့နယ်ထဲမှာ PDF အဖွဲ့တွေကလည်း အများအပြားဆိုတော့ ဂိတ်ကြေးပေးဆောင်ရတာလည်း များပြားပါတယ်။ စစ်ကောင်စီနဲ့ တွေ့ရင်လည်း အဖမ်းခံရမှာကြောက်လို့ ပေးရတာပါပဲလို့ ရေနံလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ ကိုဇော်ကြီး(အမည်လွှဲ)က ပြောပြပါတယ်။
“တော်လှန်ရေးကို အကြောင်းပြပြီး ခေါင်းစဥ်တပ်ခံနေရတာတွေလည်း အများကြီးပဲ။ လုပ်ငန်းရှင်တွေ အဆင်ပြေလား၊ မပြေလား မမေးဘဲ အဖွဲ့ပေါင်းစုံ သူတလူငါတမင်းလုပ်ပြီး တောင်းနေတာတော့ မလုပ်သင့်ဘူ” လို့ အကြံပြုချင်တယ်လို့ ဆိုပါတယ်။
မြို့နယ်တစ်ခုအတိုင်းတာနဲ့ဆိုရင် ခေါင်းစဥ်တခုတည်းအောက်ကဘဲ သွားသင့်တယ်။ မြို့နယ် ပ.က.ဖ အနေနဲ့လည်း တစုတစည်းတည်းဖြစ်အောင် လုပ်ဆောင်ပေးသင့်တယ်။ အခုဟာက ရတဲ့အဖွဲ့က ရ၊ မရတဲ့အဖွဲ့က မရနဲ့ Plan ကိုလည်း အသေအချာ ဆွဲထားတာ မတွေ့ရဘူးလို့ ကိုဇော်ကြီးက ပြောပါတယ်။
မြိုင်မြို့နယ် ကျေးရွာများတော်လှန်ရေးတပ်ဦး MVRF ရဲ့ တာဝန်ရှိသူတယောက်ကတော့ တော်လှန်ရေးလုပ်နေကြတဲ့ အဖွဲ့စည်းအများစုကတော့ ဒီရေနံကရရှိလာတဲ့ ရန်ပုံငွေတွေကို ကိုယ်ကျိုးအတွက် အသုံးမပြုကြဘူးဆိုတာ ယုံကြည်တယ်လို့ ဆိုပါတယ်။
လုပ်ငန်းရှင်တွေအတွက် လမ်းကြောင်းမှာ အန္တရာယ်များရင် များသလို တောက်လျှောက် အဆက်အသွယ်လုပ်ပေးနေပြီး လမ်းမှာ အခက်ခဲဖြစ်နေတဲ့ ရေနံကားသမားတွေကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထမင်းကျွေး၊ ညသိပ်ပေးတာတွေ ကူညီဆောင်ရွက်ပေးတယ်လို့ ပြောပါတယ်။
မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ် အစပ်မှာရှိတဲ့ ရေနံမှော်တွေနဲ့ ဆီခြံတွေကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၆ ရက်နေ့ကနေ ၂၆ ရက်အထိ စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့လို့ ကျပ်သိန်းပေါင်း သိန်းနဲ့ချီဆုံးရှုံးခဲ့ပါတယ်။
မြိုင်မြို့နယ်မှာ ၂၀၂၂ ခုနှစ် ဇူလိုင် ၈ ရက် မွန်းလွဲပိုင်းကလည်း စစ်ကောင်စီတပ်သားတွေက ကျောက်ခွက်ရေနံမှော်ကို မီးရှို့ ဖျက်ဆီးခဲ့လို့ ရေနံတွင်း ၃၇ တွင်းလောက် မီးလောက် ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိအခြေနေမှာတော့ မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အစပ်က ရေနံမှော်တွေဟာ စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့လို့ မီးလောင် ပြာကျခဲ့ရသလို ရေနံမှော်တခုလုံးလည်း သင်္ချိုင်း တစပြင်လို့ တိတ်ဆိတ် ငြိမ်သက်ခဲ့ရပါတော့တယ်။
ရေနံတွင်းပိုင်တွေ၊ခြံပိုင်(ဆီခြံပိုင်ရှင်)တွေဟာလည်း အသက်အန္တရာယ်စိုးရိမ်ရလို့ ရေနံမှော်ထဲကို မသွားရဲကြတော့ဘဲ မန်နေဂျာတွေ၊ အလုပ်သမားခေါင်းဆောင်တွေနဲ့ပဲ အပ်ထားရပါတော့တယ်လို့ ရေနံတွင်းပိုင်ရှင်တွေက ပြောပါတယ်။
အဲဒီမန်နေဂျာတွေ အလုပ်သမားတွေဟာလည်း စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာရင် အသက်လုပြီး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ကြရလို့ ရေနံထွက်နေတဲ့ တွင်းတွေကိုလည်း ပုံမှန် မခပ်နိုင်ကြတော့ပါဘူး။
မြိုင်မြို့နယ်နဲ့ ပေါက်မြို့နယ်အတွက် အထောက်ပံ့တွေ အမြောက်အမြား ရရှိ အကျိုးပြုခဲ့တဲ့ ရေနံမှော်ကြီးဟာလည်း တဖြည်းဖြည်း မှေးမှိန်လာပြီး ရွှေမည်းတို့ရဲ့ နေဝင်ချိန်နေ့ရက်တွေကို ဘယ်လောက်အထိကြာအောင် ဖြတ်သန်းကြရမလဲဆိုတာ မသိနိုင်သေးပေမဲ့ ရွှေမည်းတို့ ရောင်နီပျိုးချိန်ကို အမြန်ဆုံးပြန်လည်ရောက်ရှိဖို့ ဆန္ဒပြုလိုက်ရပါတယ်။
မင်းထီး