စစ်ကိုင်းတိုင်း အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဆရာစံ -PDF မှ india shotgun ၊ ၅.၅၆ ကျည် ၇ တောင့်ထိုး သေနတ်များကို အောင်မြင်စွာထုတ်လုပ်နိုင်နေပြီလို့ ဇူလိုင် ၁၁ ရက်နေ့မှာ ဆရာစံ - PDF က ထုတ်ပြန်ပါတယ်။
ပြင်ပဈေးကွက်ထဲ india shotgun တလက်ကို ၁၈ သိန်းပေးဝယ်နေရချိန်မှာ ဆရာစံ - PDF က india shotgun နဲ့ ပုံစံအတူ လက်လုပ် shotgun များကို တလက် ၅ သိန်းသာကုန်ကျစရိတ်ရှိပြီး ၅.၅၆ ကျည် ၇ တောင့်ထိုး သေနတ် တလက်ကို ၁၂ သိန်းဝန်းကျင် ကုန်ကျစရိတ်ရှိတယ်လို့ သိရပါတယ်။
ဆရာစံ PDF လက်နက်ထုတ်လုပ်ရေးတာဝန်ရှိသူက “လက်နက် ၆ မျိုးကိုတော့ ကိုယ်တိုင်ထုတ်လုပ်ထားနိုင်ပါပြီ။ ကျနော်တို့ ကိုယ်တိုင်ထုတ်လုပ်ထားတဲ့လက်နက်တွေကို တိုက်ပွဲတွေမှာ အသုံးပြုနေပါတယ်။ ကိုယ်တိုင်ထုတ်လုပ်တော့ ကုန်ကျစရိတ်ပိုသက်သာတဲ့ အလက်ရေ များများ ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေတယ်” လို့ ပြောပါတယ်။
ဆရာစံ-PDF တပ်ဖွဲ့အနေနဲ့ india shotgun ၊ ၅.၅၆ ကျည် ၁ တောင့်ထိုး၊ ၅.၅၆ ကျည် ၇ တောင့်ထိုး၊ ၇.၆၂ ကျည် ၁ တောင့်ထိုး၊ မိုင်တဲလ် မမ ၊ တာဝေးပစ် ရော့ကတ် စတဲ့ လက်နက်များကို ကိုယ်တိုင်ထုတ်လုပ်တိုက်ပွဲဝင်နေပြီး လက်နက်စမ်းသတ်ထုတ်လုပ်တဲ့နေရာမှာ အသေးစိတ် ဂရုစိုက်တာကြောင့် ထိခိုက်အန္တရာယ် ကြုံတွေ့ခဲ့တာ မရှိဘူးလို့ ဆိုပါတယ်။