မကွေးတိုင်း ရေစကြို၊ပခုက္ကူနဲ့ မြိုင်မြို့နယ်တွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ဇူလိုင် ၈ ရက်နေ့ မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၅ ယောက်သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ Urban Undergraund Revolution Force( ရေစကြို) က ဇူလိုင် ၁၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
မြိုင်မြို့နယ်နဲ့ ရေစကြိုမြို့နယ်အစပ်က ကြံစိမ့်လေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဇူလိုင် ၈ ရက်နေ့ မနက် ၁၀ နာရီလောက်က ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ထန်းပင်ချောင်းရွာ အရှေ့ဘက်မှာ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ UURF(ရေစကြို)ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်Kချစ်က ဒီဗွီဘီ ကို ပြောပါတယ်။
“နှစ်ဘက်ထိတွေ့တိုက်ပွဲကတော့ တနာရီလောက်ကြအောင်ဖြစ်ပွားခဲ့တာဗျ။ ကျနော်တို့ဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး ၂ ဖက်အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ကြတာ။ သူတို့ဘက်က အထိနာပြီး စစ်ကူတွေ အင်အားထပ်ဖြည့်လာလို့ ယာယီဆုတ်ခွာပေးလိုက်ရတယ်။”
တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ၅ ယောက်သေဆုံးကာ အများအပြားဒဏ်ရာရရှိပြီး ပူးပေါင်းတပ်ဖွဲ့တွေဘက်က ရဲဘော်တွေ အထိခိုက်အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲကို UURF (ရေစကြို)၊ ရေစကြိုတောင်ပိုင်း PDF၊ ရွှေညာမြေ PDF၊ YRG၊ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့၊Young Force UG၊ သခင်မြလက်နက်ကြီးတပ်ဖွဲ့၊ Black Cobra တပ်ဖွဲ့နဲ့ ကျောက်ထု-PDF တပ်ရင်း (၂)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။
နှစ်ဘက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။
အာဏာသိမ်းစစ်ကောင်စီကို အမြစ်ပြတ်ခြေမှုန်းနိုင်ဖို့ လက်နက်ခဲယမ်း လိုအပ်နေပြီး ပြည်သူတွေ တတ်နိုင်သရွေ့ ထောက်ပံ့ပေးကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တောင်းဆိုထားပါတယ်။
ဆောမြိုနယ်မှာလည်း စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်နေတာကြောင့် ဆော-ဆိပ်ဖြူလမ်းပိုင်းကို အသုံးမပြုဖို့ ဆော PDF က ဇူလိုင် ၉ ရက်ညက ထုတ်ပြန်ကြေညာပါတယ်။
"ဆော-ဆိပ်ဖြူ လမ်းကို သူတို့ မျက်စောင်းထိုးနေတာကြာပြီ။ တောတောင်အနေထားကြောင့် သူတို့ ထိုးစစ်မဆင်နိုင်တာပါ။ လေကြောင်းကို အထူးဂရုစိုက်ကြပါ။ ကာကွယ်ရေးသမားများ အားလုံးဘေးကင်းကြပါစေ။ အောင်ပွဲများစွာလည်း ဆွတ်ခူးနိုင်ကြပါစေ" လို့ ချင်းပြည်နယ်ဒေသခံ တဦးက ပြောပါတယ်။
ဇူလိုင် ၇ ရက်က ဆိပ်ဖြူမြို့နယ်၊ ကံဇွန်းမကျေးရွာအနောက်ဘက် ကံဇွန်းမနဲ့ ဖလံမကြား ဆော-ဆိပ်ဖြူလမ်းပိုင်းမိုင်တိုင်အမှတ် ၃၄/၃၅မှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်က မိုင်း ၃ ကြိမ် ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် ဗိုလ်ကြီးတဦးအပါအဝင်စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင် ၇ ရက်က စစ်ကောင်စီတပ်တွေ အထိနာခဲ့ပြီး ဇူလိုင် ၉ ရက်ကစတင်ကာ စစ်ကြောင်း ၃ ကြောင်းခွဲထိုးစစ်ဆင်နေတာကြောင့် ဆော-ဆိပ်ဖြူလမ်းပိုင်းကို မလိုအပ်ဘဲ မသွားဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။