ပဲယင်းအနီများ တရုတ်နိုင်ငံဈေးကွက်ပေါက်လာတာကြောင့် ဈေးနှုန်းတွေဟာ စံချိန်တင်မြင့်တက်လာပြီး တရုတ်က ပဲယင်းနီရသလောက် ဝယ်ယူနေတယ်လို့ မန္တလေးပဲနှမ်းကုန်သည်တွေက ပြောပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံမှာ ဈေးကွက်ပေါက်လာတာကြောင့် ၂၀၂၃ ခုနှစ်မှာ ပဲယင်းအနီဟာ ဆက်လက်ဈေးကောင်းနေနိုင်တယ်လို့လည်း ကုန်သည်တွေက ခန့်မှန်းပါတယ်။
မန္တလေးပဲဈေးကွက်အတွင်းမှာ ပဲယင်းအနီ ဖေဖော်ဝါရီလထဲတုန်းက တအိတ်ကို ငွေကျပ် ၁ သိန်း ၆ သောင်းရှိခဲ့ပေမယ့် အခုအချိန်မှာတော့ ငွေကျပ် ၂ သိန်း ၃ သောင်းအထိမြင့်တက်လာပြီး တနှစ်အတွင်းမှာ ငွေကျပ် ၇ သောင်းလောက် မြင့်တက်လာတာပါ။
“တရုတ်ပြည်ဈေးကွက်မှာ ဈေးကွက်ပေါက်လာတာပေါ့၊ ရသလောက်လည်းဝယ်ယူနေတဲ့အတွက် လာမယ့် ၂၀၂၂ -၂၀၂၃ ပဲရာသီမှာလည်း ပဲယင်းအနီဟာ ဆက်လက်ဈေးကောင်းနေမယ်လို့ ခန့်မှန်းတယ်။ ဖေဖော်ဝါရီလလောက်ကတည်းက ပဲယင်းအနီ တအိတ်ကို မြန်မာငွေ ၁ သိန်း ၆ သောင်းပေါက်ဈေးရှိခဲ့တယ် ဇူလိုင်လဆန်းပိုင်းမှာတော့ ၂ သိန်း ၃ သောင်းအထိ ပေါက်ဈေးရှိနေတယ်” လို့ မန္တလေးပဲကုန်သည်တဦးက ပြောပါတယ်။
ပဲယင်းအနီတွေဟာ တရုတ်နိုင်ငံကို ပဲမျိုးအသစ်အနေနဲ့ တင်သွင်းတာဖြစ်ပြီး လူကြိုက်များတာကြောင့် အခုလို ဈေးနှုန်းမြင့်တက်လာတာလို့ သိရပါတယ်။ အဲ့ဒီပဲတွေကို တရုတ်နိုင်ငံက ဖေဖော်ဝါရီလထဲက စတင်ဝယ်ယူနေတာဖြစ်ပြီး တဖြည်းဖြည်း ဈေးနှုန်းမြင့်တက်လာတာလို့ သိရပါတယ်။
ပဲယင်းအနီဟာ တဧကကို ၁၅ တင်းနဲ့ တင်း ၂၀ ကြားမှာထွက်ရှိတတ်ပြီး ရိုးရိုးပဲယင်းတွေလိုပဲ စိုက်ပျိုးရကာ သိုလှောင်သိမ်းဆည်းရာမှာလည်း ပိုးသတ်ဆေး ဖြန်းစရာမလိုဘဲ ထိန်းသိမ်းထားနိုင်တယ်လို့ ပဲကုန်သည်တဦးက ပြောပါတယ်။
“ပဲယင်းအနီက ပဲယင်းအဝါလိုပဲစိုက်ပျိုးရတယ် ရှေ့နှစ်မှာ ပဲယင်းအဝါတွေလိုပဲ ပဲယင်းအနီတွေကို တိုးချဲ့စိုက်ပျိုးလာလိမ့်မယ်လို့ ကျနော်တို့ ယူဆပါတယ်။ ပဲယင်းအနီနဲ့အဝါကတော့ အရောင်ပဲကွာတာပါ စိုက်ပျိုးရတာချင်းလည်းအတူတူပဲ။ အားသာချက်ကတော့ သူက ဓာတ်မြေသြဇာသုံးစရာမလိဘေ သဘာ၀ မြေသြဇာနဲ့စိုက်ပျိုးရင်လည်း ဖြစ်ထွန်းအောင်မြင်တယ်၊ သိုလှောင်တဲ့နေရာမှာလည်း ဓာတုပိုးသတ်ဆေးတွေကို အခြေခံထားတဲ့ ပိုးမွှားမဖျက်ဆီးအောင်လို့ ထိန်းသိမ်းစရာမလိုပဲနဲ့ ဒီတိုင်းသိုလှောင်ရင်ကို ပိုးကိုက်တာတွေမရှိဘူး။”
ပဲယင်းအနီဟာ ဆောင်းသီးနှံဖြစ်ပြီး တနှစ်မှာ တရာသီသာစိုက်ပျိုးဖြစ်ထွန်းလေ့ရှိကာ အောက်တိုဘာနဲ့ နိုဝင်ဘာလတွေမှာ စိုက်ပျိုးကြကာ ဇန်နဝါရီလမှာထွက်ရှိတယ်လို့ သိရပါတယ်။