ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာ ဇူလိုင် ၇ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်တွေနဲ့ ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၂ ယောက်သေဆုံးကာ ၆ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ CDF-မတူပီက ပြောပါတယ်။
မတူပီမြို့နယ် အမ်မိလိုင်းရွာနားမှာ ဇူလိုင် ၇ ရက် မနက် ၆ နာရီလောက်က အင်အား ၈၀ လောက်နဲ့ ခြေလျင်စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ CDF-မတူပီရဲ့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းချင်းက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီတိုက်ပွဲကို CDF-မတူပီ၊ CNA နဲ့ CDF-Zotung တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး နာရီဝက်လောက် ထိတွေ့တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က ၂ ယောက်သေဆုံးပြီး ၆ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ကာ ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ အထိအခိုက် အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
CDF-မတူပီ ပြန်ကြားရေးတာဝန်ခံက “အမ်မိလိုင်းရွာမှာက ဒေသခံပြည်သူအားလုံး ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပြီး ရွာထဲမှာ သက်ကြီးရွယ်အိုတွေပဲ ကျန်ခဲ့တာ။ စစ်(...)စစ်ကြောင်ထိုးနေတော့ ကျနော်တို့လည်း ရွာထဲကို ဝင်ပြီး အကူညီပေးလို့ မရဘူး။ စစ်(...)တွေ စစ်ကြောင်းထိုးနေလို့ ရန်ခဲန်းကျေးရွာနဲ့ အမ်မိလိုင်းကျေးရွာက ဒေသခံပြည်သူ ၃၀၀ လောက် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး မနေ့ကလည်း ရဲန်ခဲန်းရွာက ပြည်သူတွေရဲ့ နေအိမ် ၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်” လို့ ပြောပါတယ်။
မတူပီမြို့နယ် ရန်ခဲန်းရွာနဲ့ အမ်မိလိုင်းရွာကြားမှာ ဇူလိုင် ၆ ရက် မနက်ပိုင်းကလည်း စစ်ကောင်စီစစ်ကြောင်းနဲ့ CDF-မတူပီတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၃ ယောက်သေဆုံးကာ ၂ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။