ဆဲဗင်းဇူလိုင် ကျောင်းသား အရေးတော်ပုံ နှစ် ၆၀ ပြည့် နှစ်ပတ်လည်နဲ့ အာဏာသိမ်းစစ်ကောင်စီအား ပြင်းထန်စွာကန့်ကွက်ရှုတ်ချပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့ မြန်မာသံရုံးရှေ့မှာ ဇူလိုင် ၇ ရက် ဒီနေ့ညနေ ကျင်းပပါတယ်။
ဂျပန်ရောက်မြန်မာနိုင်ငံသားတွေအပြင် မြန်မာ့နွေဦးတော်လှန်ရေးအားပေးကြတဲ့ ဂျပန်လူမျိုးတွေလည်း လာရောက်ပူးပေါင်းခဲ့ကြပြီး ခေတ်အဆက်ဆက်ကျဆုံးခဲ့တဲ့ ဒီမိုကရေစီသူရဲကောင်းတွေကို ဆုတောင်းအမျှပေးဝေခဲ့ကြပါတယ်။
ဒါ့အပြင် အာဏာသိမ်းလူသတ် စစ်အုပ်စုအား ဆန့်ကျင်ကြ၊ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့်နှင့် မတရား ဖမ်းဆီးထားသောသူများအားလုံးကို (ချက်ချင်းလွှတ်)၊ အမျိုးသားညီညွတ်ရေးအစိုးရအား (ဝန်းရံကြ)၊ တိုကျိုစစ်ကောင်စီလက်အောက်ခံ သံအမတ်စိုးဟန် ထွက်သွား စတဲ့ ကြွေးကြော်သံတွေကို ဂျပန်မြန်မာနှစ်ဘာသာနဲ့ ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။
စစ်ကောင်စီကို အပြီးတိုင်ဖြုတ်ချမယ့် နွေဦးတော်လှန်ရေးမှာ ဆဲဗင်းဂျူလိုင် စိတ်ဓာတ်ကိုကိုင်စွဲပြီး ပြည်ပကနေ အစွမ်းကုန်ကြိုးပမ်းထောက်ပံ့သွားကြမယ်လို့လည်း တိုကျိုမြို့က ဆဲဗင်းဂျူလိုင် နှစ် ၆၀ ပြည့် စစ်အာဏာရှင်ဆန့်ကျင်ရေးပွဲမှာ လာရောက်ပူးပေါင်းသူတွေက ပြောဆိုခဲ့ကြပါတယ်။
ဂျပန်နိုင်ငံတဝန်း မြို့ကြီးတွေရဲ့ လူစည်ကားတဲ့ နေရာတွေမှာလည်း အပတ်စဉ် စနေ၊ တနင်္ဂနွေ ပိတ်ရက်တွေမှာ ဂျပန်ရောက်မြန်မာနိုင်ငံသားများအများစုဟာ နွေဦးတော်လှန်ရေးထောက်ပံ့ရေးအတွက် အလှူငွေများကောက်ခံတာ၊ စစ်ကောင်စီရဲ့ ပြည်သူတွေအပေါ် အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်မှုတွေကို ဂျပန်ဘာသာနဲ့ လက်ကမ်းစာစောင် ဖြန့်ဝေတာတွေ ပြုလုပ်နေကြပါတယ်။