သက်ဆိုင်သူအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးအပါအဝင် လက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စစ်ရေး၊ ငြိမ်းချမ်းရေး၊ လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စတွေနဲ့ပတ်သက်လို့ အန်စီအေ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST က အစည်းအဝေး ပြုလုပ်နေပါတယ်။
ဇူလိုင် ၅ ရက်မှ ၆ ရက်အထိ video conferencing နဲ့ အွန်လိုင်းကနေကျင်းပနေတဲ့ ဒီအစည်းအဝေးမှာ အန်စီအေ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့က အာဆီယံအထူးကိုယ်စားလှယ် ပရတ်ဆာခွန်းနဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့တာနဲ့ပတ်သက်ပြီး ပြန်သုံးသပ်ဆွေးနွေးသွားမယ်လို့ PPST ဦးဆောင်မှုကော်မတီအဖွဲ့ခေါင်းဆောင် နိုင်အောင်မင်းက ဆွေးနွေးပွဲ အဖွင့်မိန့်ခွန်းမှာ ပြောပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အန်စီအေ လက်မှတ်ထိုးထားတဲ့အဖွဲ့တွေဆွေးနွေးခဲ့တာနဲ့ ပတ်သက်တဲ့ သဘောထားစုစည်းချက်တွေကိုလည်း ပြန်လည်သုံးသပ်ဆွေးနွေးဖို့ရှိပါတယ်။
ဒါ့အပြင် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းရေး၊ သက်ဆိုင်သူ အားလုံး ပါဝင်တဲ့ အဓိပ္ပါယ်ပြည့်ဝတဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ရေးနဲ့ အရပ်သားတွေကို အကာအကွယ်ပေးရေးနဲ့ လိုအပ်တဲ့ လူသားချင်းစာနာမှုအကူအညီရရှိရေးကိစ္စတွေ အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံရာမှာ တိုက်တွန်ခဲ့ကြသလို အခုအစည်းအဝေးမှာလည်း ဒီကိစ္စတွေ ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရေး နည်းလမ်းတွေ ဆွေးနွေးကြဖို့ နိုင်အောင်မင်းက ပြောပါတယ်။
အာဆီယံဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရတ်ဆာခွန်းဟာ သူ့ရဲ့ ဒုတိအကြိမ် မြန်မာပြည်ခရီးစဉ်အတွင်း ဇူလိုင် ၁ ရက်က နေပြည်တော်မှာ အန်စီအေ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နဲ့တွေ့ဆုံခဲ့တာဖြစ်ပါတယ်။