အာဏာသိမ်းစစ်ကောင်စီက ဖွင့်လှစ်တဲ့ လပွတ္တာမြို့နယ်၊ ရှမ်းချောင်းကျေးရွာ စာသင်ကျောင်းမှာ ကျောင်းသားသူကျောင်းသားတွေကို နေ့စဉ် ကျောင်းဆင်းချိန်သန့်ရှင်းရေးလုပ်ခိုင်းနေလို့ အိမ်ပြန်နောက်ပြီး မိဘတွေ စိတ်ပူနေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ရှမ်းချောင်းကျေးရွာ အလယ်တန်းကျောင်း(ခွဲ)မှာ နေ့စဉ်ဆိုသလို စစ်ကောင်စီဩဇာခံ ဆရာ ဆရာမတွေက ကျောင်းသား ကျောင်းသူတွေကို ကျောင်းဆင်းချိန်သန့်ရှင်းရေးလုပ်ခိုင်းလို့ ကျောင်းသားတွေ နေအိမ်ကို ၆ နာရီလောက်မှပြန်ရောက်တယ်လို့ ဒေသခံကျောင်းသားမိဘတွေက ပြောပါတယ်။
ကျောင်းသားမိဘတဦးက “ကလေးတွေကိုမေးကြည့်တော့ ကျောင်းမှာ သန့်ရှင်းရေးနဲ့ ဗာဟီရကိစ္စတွေလုပ်နေရတယ်ပြောတယ်။ ကျောင်းမှာက ဒါရဝမ် (ခြံလုပ်သား) မရှိဘူးလေ။ မဖြစ်တဲ့အဆုံးမလို့သာ ကျောင်းတက်ခိုင်းရပေမဲ့ အဲ့လိုမျိုး ကလေးတွေကို ခိုင်းတာမျိုးတော့ မခံချင်ဘူး မဖြစ်သင့်ဘူးထင်တယ်”လို့ ပြောပါတယ်။
ကျောင်းသား ကျောင်းသူတွေကို စာသင်ခန်းတွေကို သန့်ရှင်းရေးလုပ်ဖို့နဲ့ ကျောင်းအိမ်သာတွေကိုပါ ဆေးဖို့ ကျောင်းအုပ်ကြီးကိုယ်တိုင်က စေခိုင်းထားတာလို့ ဆိုပါတယ်။
ရှမ်းကျောင်းကျေးရွာမှာရှိတဲ့ အလယ်တန်းကျောင်း(ခွဲ)မှာ ရှမ်းကျောင်းကျေးရွာနေ ဒေသခံရွာသားတွေရဲ့ သားသမီးတွေ ကျောင်းတက်သလို တခြားကျေးရွာက ကလေးတွေလည်း ကျောင်းလာတက်နေကြပြီး ကျောင်းသား ကျောင်းသူ ၁၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။