ကိုယ်ပိုင် တောင်ယာစိုက်ခင်းတခု စိုက်ခင်းတခုရဲ့ ဝင်ပေါက်ကနေ ဝင်လိုက်ရင် တောင်ယာ အဝင်လမ်းတခုလုံးကို ထွန်စက်နဲ့ ထယ် ကျဲကျဲခွဲထားတဲ့ မြေဆိုင်ခဲတွေ့ရမည်။ အဲဒီ မြေစိုင်မြေခဲတွေပေါ်ကို ကျော်ပြီး အနည်းငယ်ထပ်ဝင်လိုက်လျှင် နွားစာမြက်ခြံ ကုန်းဟောင်းတခုကို မြင်ရသည်။ နွားစားမြက်ခြံကုန်းပေါ် တက်လိုက်လျှင်တော့ ကုန်းရဲ့ တဖက်လျှိုထဲမှာ လေးထောင့်ခွဲစိတ်ထားတဲ့ ဝါဝါဝင်းအရောင် ကျွန်းသားတုံးတွေနဲ့ နီရဲတဲ့အရောင်နဲ့ ပိတောက်၊ ပျဉ်းကတိုး အတို အရှည် မညီမညာဖြစ်နေတဲ့ သစ်စကွဲယားတုံးတွေကို တွေ့ရမည်ဖြစ်သည်။
ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက် သစ်ပုံတွေကို လူစိမ်းများ ရုတ်တရက် မတွေ့ရှိစေရန် စိုက်ပျိုးဖို့ ထွန်ယက်ထားသယောင် လမ်းဝင်ပေါက်တလျှောက်ကို မျက်စိလှည့်စားထားခြင်းဖြစ်သည်။
အဲ့ဒီမြင်ကွင်းဟာ အနီးအနား ရွာသူရွာသားတွေအဖို့ မထူးဆန်းလှသလို သက်ဆိုင်ရာကို တိုင်တောတာလည်း မရှိပါဘူး။ အကယ်ရွေ့ နေနိုင်ထိုင်နိုင်လျက်သားနဲ့ သွားတိုင်တဲ့သူအဖို့ အစအနပျောက်သွားနိုင်သည်။ သို့မဟုတ် မသေရုံ အုပ်စုဖွဲ့ရိုက်နှက်ပြီး လျော်ကြေးငွေအနည်းငယ်နဲ့ ပြီးသွားတတ်သည်။ ထိုသစ်ပုံကို ဒေသခံတဦးက အုပ်စီးထားပြီး မြေနေရာအငှားခပါ ရရှိတဲ့ သစ်ကုန်သည် လက်ခွဲဒိုင်က တာဝန်ယူလက်ခံထားခြင်းဖြစ်သည်ဟု ဒေသခံတချို့ထံမှ သိရသည်။
ယခုတော့ လက်ကြီးကုန်သည် အချင်းချင်း စားကျက်လု ပစ္စည်းလုဝယ်ပြဿနာနှင့် သက်ဆိုင်ရာကို တိုင်တန်းမှုကြောင့် ယခု ဇွန်လ ၁၈ နေ့မှာ သစ်တောဌာနက ကျွန်းသစ်အပါအဝင် အုပ်စု ၁ ဝင် ပျဉ်းကတိုးနဲ့ ပိတောက်အမျိုးအစား တန်ပေါင်း ၇၀၀ ခန့်ကို တနေရာတည်းမှာ အပုံလိုက် ဖမ်းဆီးခဲ့သည်။
သစ်ဖမ်းမိသည့် သတင်းကို လူသိမခံဘဲ သတင်းမှောင်ချထားသဖြင့် ဇွန် ၂၀ ရက်နေ့အထိ အခြေအနေ စောင့်ကြည့်နေသည်ဟု ဒေသခံလက်လုပ်လက်စားသစ်သမားများက ပြောသည်။
သစ်ဖမ်းမိသည့်သတင်း အထက်က သိမသွားရန် ဒေသတာဝန်ရှိသူတို့နှင့် ကုန်သည်တို့ KTV မှာ ဧည့်ခံရင်း ညှိနှိုင်းနေကြသည်ဟု စုံစမ်းသိရသည်။
ပေးပြီးယူပြီး ကိစ္စတွေမို့ မညှိလို့လည်းမရ အာဏာရှိသူအကုန်က သူတို့နဲ့ သောက်ဖော်စားဖက်တွေ ဖြစ်ပြီး တံစိုးလက်ဆောင်ပေးပြီး အမှုကိုပေါ့အောင် သက်သေလိမ်တွေနဲ့ လုပ်ကြလိမ့်မည်။ သို့မဟုတ် ထုံးစံအတိုင်း ပိုင်ရှင်မဲ့သစ်များအဖြစ် ပြောင်းလဲသွားနိုင်သည်ဟု ဒေသခံများက သူတို့ရဲ့ အတွေ့အကြုံကို ပြောပြသည်။
“KTV တော့ အလွန်ကြိုက်တဲ့သူတွေ၊ သရက် အေဒီ မင်းတုန်း ဦးစီးမှူး၊ ကံမဦးစီးမှူး ပန်းတောင်းနယ်ခံ ကုန်သည်တွေနဲ့ အုပ်သျှစ်ပင် KTV မှာ ၂ ညအိပ် ၃ ရက်တောင် ကဲတယ်၊ သင်္ကြန်မတိုင်ကပေါ့” ဟု ဥသျှစ်ပင် ကေတီဗွီဝန်ထမ်းတဦးက ပြောပြသည်။
ယခုသစ်တန် ၇၀၀ ကို ပဲခူးတိုင်းအနောက်ခြမ်း ပန်းတောင်းမြို့နယ် ရေကျော်ကျေးရွာအနီးမှာ ဖမ်းဆီးခဲ့တာ ဖြစ်သည်။ ဖမ်းမိသည့်နေရာသည် ပုသိမ်မုံရွာလမ်းမကတဆင့် ဝင်ရောက်ရသည့် ကျေးရွာဖြစ်ပြီး မင်းတုန်း၊ ကံမ၊ စေတုတ္တရာ၊ ငဖဲဘက်က သစ်တွေကို ကဲ့ယူပြီး စုပုံထားစဉ် အဖမ်းခံရတာလို့ မျက်မြင်တွေကပြောသည်။
“တယောက်တည်းပိုင်ပစ္စည်း ဥသျှစ်ပင်ကုန်သည်တွေဗျ။ မြက်ပင်တောင် မကျန်ဘူး အကုန်တိုင်းတယ်၊ ၁၂ ဘီး ကး ၁၂ စီးစာရှိတယ်၊ အနည်းဆုံး ကုန်သည်တိုင်း တိုင်းရင်တောင် တန် ၇၀၀ ကျော်တယ်၊ အတိအကျတိုင်းရင် အများကြီးပိုမယ်” ဟု ဒေသခံသစ်သမားတဦးက ပြောသည်။
ထိုကဲ့သို့ ပုသိမ်မုံရွာလမ်းတလျှောက် မကွေးတိုင်း၊ ပဲခူးတိုင်းအစပ်ကျေးရွာတွေဖြစ်တဲ့ အလည်ချောင်းကျေးရွာ၊ ပြကြီးကျေးရွာ စည်ကြို့ပင်၊ သာစီကျေးရွာတွေမှာလည်း အလားတူ တန်ထောင်နဲ့ချီတဲ့ တရားမဝင်သစ်ပုံတွေ အများအပြားရှိသည်ဟု စုံစမ်းသိရသည်။
ထိုသစ်ပုံများအနီးသို့ လူစိမ်းများကပ်ပြီး သွားရောက်ကြည့်ရှုဖို့ မလွယ်ကူသလို ဝင်နေကျ ထွက်နေကျ ကားသမားများကလည်း ကြည့်ရှုခွင့်ကို မကူညီကြသလို သတင်းမီဒီယာများ၏ ကြည့်ရှုလိုမှု အာသီသကို ဓာတ်ပုံရိုက်လာပြီး ပြသလို ဓာတ်ပုံကိုလည်း ပေးဖို့ ငြင်းဆန်သည်။
“မလုပ်ပါနဲ့ဗျာ အသက်ပါအန္တရာယ်ရှိတယ်၊ အသက်တချောင်း တန်ကြေးက ၅ သိန်းတောင်မရှိဘူး။ ဆိုင်ကယ်မှောက်သလို ကားတိုက်သွားသလိုနဲ့ ပြီးသွားတာ ပုံကြည့်ရတော်ပေါ့၊ မရေးပါနဲ့ဗျာ” ဟု သစ်တင်ကားမောင်းသူတဦးကက စိုးရိမ်တကြီး ငြင်းဆိုသွားသည်။
ယခင်က ပန်းတောင်းမြို့နယ်၊ ကံမမြို့နယ်နဲ့ မင်းတုန်းမြို့နယ်တို့ဟာ တိုင်းဒေသချင်း မတူသော်လည်း အနောက်ရိုးမ သစ်တောကြိုးဝိုင်းများက တဆက်တစပ်တည်း ဖြစ်နေသည့်အတွက် ဧရာဝတီအနောက်ခြမ်း ပုသိမ်-မုံရွာလမ်းကို အမှီပြု၍ သစ်မှောင်ခို အင်အားကောင်းလာသည်။
၁၉၈၈ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နဝတ နအဖလက်ထက် စစ်ထောက်လှမ်းရေးတို့ တန်ခိုးအာဏာထက်စဉ်ကတည်းက စတင်ပြုန်းတီးလာတဲ့ သစ်တောတွေဟာ NLD အစိုးရလက်ထက်မှာ ပဲခူးရိုးမကိုအနားပေးခြင်းနဲ့အတူ လွှတ်တော်အမတ်တွေရဲ့ ကြပ်မတ်မှုကြောင့် သစ်ခိုးထုတ်မှု သိသိသာသာလျော့ကျသွားခဲ့ရသည်ကို တွေ့မြင်ရသည်။
ဖမ်းဆီးရမိ သစ်တန်ပေါင်းများစွာက မကွေး၊ ပဲခူးအနောက်ခြမ်း၊ ပုသိမ်မုံရွာလမ်းတလျှောက်အနေ နဲ့ တွက်ရင် တန် ၅၀၀၀ ထက်မနည်း ရှိခဲ့သော်လည်း ယခုတကြော့ပြန် စစ်တပ်က အာဏာသိမ်းပြီးချိန်ကစလို့ သစ်မှောင်ခိုတွေ တစခန်းပြန်ထလာပြီး အင်အားကောင်းလာပြီး ပန်းတောင်းနယ်၊ ကံမနယ်နဲ့ မင်းတုန်းနယ်က သစ်တောကြိုးဝိုင်းတွေ ကုန်သလောက်နီးနီးဖြစ်လာပြီ ဟု ဆိုသည်။
ပဲခူးရိုးမကို အနားပေးစဉ်က ပဲခူးတိုင်းအနောက်ခြမ်း ပန်းတောင်းမြို့နယ်မှာတော့ သစ်လုပ်ငန်းက နှစ်စဉ် တန် ၅ ထောင်ခန့်ထုတ်ခဲ့ပြီး ဒီနှစ်မှာတော့ နယ်မြေထိစပ်နေတဲ့ မကွေးတိုင်းထဲက မင်းတုန်း၊ ကံမကြိုးဝိုင်းတွေလည်း ပင်ထောင်မှတ်ပြီးမှ ထုတ်လုပ်မှုနားခဲ့သည်ဟု သစ်လုပ်ငန်းဝန်ထမ်းတဦးက ပြောသည်။
“နယ်တာဝန်ခံနဲ့ တောတိုးပြီးပြီ၊ သစ်တောဌာနက မှတ်ပေးတဲ့ ပင်ထောင်တွေ လိုက်စစ်တာ အခုတော့အမိန့်ကျတယ်၊ သစ်မထုတ်ဘူး နားမယ်တဲ့” ဟု မြန်မာ့သစ်လုပ်ငန်း ဝန်ထမ်းတဦးက ပြောသည်။
NLD အစိုးရလက်ထက်က သစ်တောဝန်ထမ်းတွေဟာ သစ်မှောင်ခိုသမားတွေဆီက ငွေယူခဲ့ပေမဲ့ ကြိုးဝိုင်းအတွင်း ကားလမ်းဖောက်မခံခဲ့ဘဲ ယခု နစကလက်ထက်မှာ ထင်သလို လုပ်လို့ရသည်ဟု ဆိုသည်။
ယခင်က လူလုပ်အားသက်သက်ဖြင့် ဖောက်သည့်လမ်းနဲ့ ထုတ်ခဲ့ရပြီး စကစ(နစက)လက်ထက်မှာ မြို့နယ်သစ်တောဦးစီး၊ ခရိုင်အေဒီ၊ မြို့နယ်ရဲ၊ နယ်မြေခံရဲ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက မြို့နယ်အုပ်ချုပ်ရေးမှူးတင်မကဘဲ မြို့နယ် စကစ ဗိုလ်မှူးကိုလည်း ငွေပေးရသည့်အတွက် အဆင်ပြေချောမွေ့သည်ဟု ဆိုသည်။
ထို့ပြင် အင်ဂျင်ပါဝါကောင်းတဲ့ ထွန်စက်တွေ အသုံးပြုလာကြကာ လုပ်ငန်းပိုမိုတွင်ကျယ်လာကြသည်ဟု စုံစမ်းသိရသည်။ ထို့အပြင် ပတ်လည်တုံးတွေမို့ အထိအခိုက် ရှိတတ်တာကြောင့် လူအင်အား မသုံးတော့ဘဲ ကားတင်အတွက် ကရိန်းကားအသေးတွေကို သစ်ကွက်တွေအနီးထိ ဝင်နိုင်ထွက်နိုင်လာသည်ဟု ဆိုသည်။
ယခင်က မိုးတွင်းကာလမှာ သစ်အထွက်နည်းပေမဲ့ ယခုအခါမှာ ထွန်စက် ကရိန်းတို့ အစွမ်းကြောင့် လုပ်ငန်းပိုကျယ်လာပြီး သစ်ခုတ်သစ်လှဲလုပ်သူက လှဲထားတဲ့ အပင်ဘေးမှာတင် ချိန်းဆောနှင့်ထိုးကာ ထားခဲ့ရုံနှင့် ကုန်သည်ရဲ့ ကိုယ်စားလှယ်က အတိုင်းလာတိုင်းပြီး ထွန်စက်နဲ့ကဲ့ယူကြသည့်အတွက် ဒေသခံအလုပ်သမားများအတွက် အလုပ်သိပ်မဖြစ်ဘဲ ငွေ ရှားလာသည်ဟု ဒေသခံများက ပြောသည်။
“အရင်က လယ်ယာနားချိန် နွားနဲ့ သွားဆွဲတော့ နွားခရတယ်။ အခုအဲနေရာမှာ စက်တွေဝင်လာတာ လမ်းဖောက်ချိန်ဆို နှစ်တိုင်းဖောက်ရတော့ ငွေရွှင်တယ်၊ အခု ဖောကားပေါ်တင်လာတဲ့ ဘက်ဟိုးအသေးနဲ့ လမ်းဖောက်တော့ သူတို့အတွက် ရှယ်ပဲ” ဟု မင်းတုန်းဒေသခံတဦးက ပြောသည်။
သစ်ကုန်သည်ကြီးတွေထံက ကြိုတင်ငွေ သိန်း ၅၀၀၊ ၁၀၀၀ ယူထားတဲ့ နယ်ခံသစ်ကုန်သည်ကမှ တခါ သက်ဆိုင်ရာကို လမ်းကြေးသွင်းဖို့ လည်လည်ဝယ်ဝယ်ရှိသူကို ခန့်ထားရကြောင်း၊ သူက သစ်ကားထွက်ရင် ရှေ့ပြေးလမ်းရှင်း ချိတ်ဆက်ပြီးသွားကြသည်ဟု သိရသည်။
သစ်တော၊ သစ်ပင်ရဲ့ တန်ဖိုးကို သစ်တတန်ငွေ ဘယ်လောက်ရမည်သာ သိကြတဲ့ သစ်ဝါးတော နေသူတွေရဲ့ မသိနားမလည်မှု၊ သစ်တောပညာပေးအဖွဲ့များကလည်း လမ်းပန်းသာတဲ့ အစားအသောက်ကောင်းတဲ့နေရာမှာ လူအနည်းအကျဉ်း စုဖွဲ့ဓာတ်ပုံရိုက်ပြီး ပြန်ကြချိန် မည်သူ တဦးတယောက်၏ ရင်တွင်းမှာ ပညာပေးကဏ္ဍ စွဲမကျန်ခဲ့ဟု နယ်ခံတဦးက သုံးသပ်သည်။
“သစ်တောဌာနရဲ့ လူနဲ့သစ်တော အတူနေထိုင်ခြင်း ခေါင်းစဉ်အောက်မှာ သစ်မခုတ် ဝါးမလုပ်ရ ဘာလုပ်စားမလဲ” ဟု ပြန်မေးကြတာက များသည်။ ဝန်ထမ်းများဘက်ကလည်း ဝန်ထမ်းရပိုင်ခွင့်နဲ့ လစာအရဆိုလျှင် မထိရောက်နိုင်ဟု ပြောဆိုကြသည်။
“ပလန်က ဘိလပ်စတိုင်လုပ်ငန်းစဉ်က အမေရိကန်စတိုင်၊ လက်တွေ့လုပ်နေရတာက မြန်မာနည်း မြန်မာ့ဟန်လေဗျာ” ဟု တောအုပ်အဆင့်ရှိသစ်တောဝန်ထမ်းတဦးက ပြောသည်။
အစိုးရတရပ်က တရားဝင်သစ်ထုတ်မည်ဆိုလျှင် တိကျတဲ့ လုပ်ငန်းစဉ်များ ရှုပ်ထွေးသယောင်နဲ့ ရှင်းလင်းစွာရှိသည်ဟု ဆိုသည်။ သစ်ထုတ်ယူမည့် သစ်ကွက်မှာ သစ်တောဌာနက ပင်ထောင် သတ်မှတ်ပေးပြီး မြန်မာ့သစ်လုပ်ငန်းက သစ်ထုတ်ယူသည်။ မြန်မာ့သစ်လုပ်ငန်းက သစ်ကို ဘယ်လိုထုတ်ယူသလဲဟု မေးမြန်းစဉ်က သစ်ထုတ်ပုံအဆင့်ဆင့်ကနေ သစ်ခွဲသည်အထိ လုပ်ငန်းစဉ်အားလုံး ကန်ထရိုက်စနစ်နှင့် သွားသောကြောင့် သဘာဝပေါက်ပင် ခုတ်ရောင်းတာတောင် အရှုံးနဲ့ရင်ဆိုင်ရသကဲ့သို့ ဖြစ်သည်ဟု သုံးသပ်ပြသည်။
တဆက်တည်း သုံးသပ်ပြတာက “သစ်ထုတ်ရင် လမ်းဖောက်မယ်၊ လမ်းတလျှောက်က သစ်အကုန်လှဲလို့ ပြုန်းတယ်၊ သစ်ခုတ် အငှားခုတ်လှဲတယ်၊ စုပုံသစ်ကွင်းအရောက် ကုမ္ပဏီက အငှားကားတွေ ယန္တရားတွေ ဝင်တယ်။ ဌာနပိုင် ကားယန္တရားအကောင်းမရှိတော့ နှစ်ချို့တွေ ဖြစ်နေပြီး သုံးမရ” ဟု ဆိုသည်။
ထိုကမှ သစ်လုံးတွေကို ပြည်တွင်းသစ်ကုမ္ပဏီတွေဆီ ရောင်းသည်၊ နိုင်ငံခြား တန်းဝင်သစ်ကို အစိုးရသစ်စက် အမှတ်ဘယ်လောက် ဘာညာသစ်စက်တွေမှ ခွဲသည်၊ သစ်စက်က ခေတ်နောက် အများကြီးကျန်ခဲ့လို့ အလေအလွင့်များသည်။
ပိုဆိုးတာက သစ်လုပ်ငန်းရဲ့ သစ်ထုတ်လမ်းဟာ ပြန်လည်ဖျက်ဆီးရမည့်အချိန်တွင် အပေးအယူဖြင့် အချိန်ဆွဲထားသောကြောင့် မှောင်ခိုများလာသည်၊ မြန်မာ့သစ်လုပ်ငန်းရဲ့ လက်ရှိဝန်ထမ်းဦးရေထက် အငြိမ်းစားဦးရေက ပိုများလာခြင်း ဖြစ်သည်။
သဘာဝပေါက်ပင်ကို ခုတ်ရောင်းရင် အရှုံးနဲ့ ရင်ဆိုင်ရဖွယ်ရှိကြောင်းနှင့် သစ်တောဦးစီးဌာနနှင့် သစ်လုပ်ငန်းတို့ ဌာနချင်း ပူးပေါင်းပြီး တဌာနတည်း ထားရင်ရနိုင်ပါလျက် သစ်တောပညာရှင် တချို့ရဲ့ ရာထူးနေရာ လာဘ်ဝင်ငွေအတွက်ကြောင့် မပေါင်းစည်းကြဘူးလို့ စွပ်စွဲချင်သည်ဟု သစ်တောနှင့်ပတ်သက်တဲ့ CSO အဖြစ် သုတေသနလုပ်ငန်းမှာပါဝင်ခဲ့သူက အကျယ်တဝင့် ရှင်းပြပါသည်။
ယခုနောက်ပိုင်းမှာတော့ သစ်တောလုပ်ငန်းစဉ်တရပ်အနေနဲ့ မြန်မာ့သစ်လုပ်ငန်းက သစ်ထုတ်ယူအပြီး ပြန်လည်စိုက်ပျိုးတဲ့စနစ် သစ်ကွင်းထဲ မျိုးစေ့ပြန်ကြဲတဲ့နည်းတွေနဲ့ အပေါက်ဖာခဲ့သော်လည်း အတွင်းလူ အပြင်လူ ညီညွတ်စွာနဲ့ သစ်တောများ ဆက်လက်ကုန်ဆုံးနေဦးမည် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ နစကလက်ထက် တရားဥပဒေစိုးမိုးမှုမရှိ၊ မူဝါဒမရှိ၊ အမိန့်နှင့် လုပ်ပိုင်ခွင့်အာဏာသုံးပြီး သူဌေးဖြစ် နောက်ကျမည်စိုးသူများ၏ ရသမျှအကုန် အိတ်ထဲ ထည့်နေကြသည့် အခြေအနေက ပန်းတောင်းမြို့နယ် ရေကျော်ရွာက သစ်ဖမ်းဆီးမှုက မီးမောင်းထိုးပြနေသယောင် ဖြစ်သည်။
ဒေးဗစ်ထန်း