လက်နက်နဲ့တကွ ပြည်သူ့ရင်ခွင်ခိုလှုံ အလင်းဝင်လာတဲ့ စစ်ကောင်စီ ဗိုလ်မှူးတယောက်အပါအဝင် ၁၈ ယောက်ကို ဂုဏ်ပြုဆုငွေကျပ်သိန်း ၃၄၄ သိန်းတိတိကို ချီးမြှင့်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ် ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ လက်နက်နဲ့တကွ ပြည့်သူ့ရင်ခွင်ဝင်ရောက်လာသူတွေကို ပြည်သူ့သူရဲကောင်းအဖြစ်သတ်မှတ်ထားပြီး ဂုဏ်ပြုဆုငွေတွေ ချီးမြှင့်နေတာမှာ လတ်တလောဝင်ရောက်လာသူတွေထဲ ဗိုလ်မှူးတယောက်၊ ဗိုလ်ကြီးတယောက်၊ ဗိုလ်တယောက်အပါအဝင် ၁၈ ယောက်ကို သူတို့ယူဆောင်လာခဲ့တဲ့ လက်နက်ခဲယမ်း၊ ချပ်ဝတ်တန်ဆာ ခုလိုချီးမြှင့်ခဲ့တာလို့ ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက် အကြမ်းဖက် စစ်ကောင်စီတပ်ကို အာဏာဖီဆန်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် သောင်းနဲ့ချီ ရှိနေပြီ ဖြစ်ပါတယ်။
နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပြီး NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကတော့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ကနေ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ သားကောင်းတွေကို နွေးထွေးစွာ ကြိုဆိုနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာတော့ ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ၊ စစ်သည်တွေ၊ ရဲတပ်သားတွေဟာ သူတို့ရဲ့ ဂုဏ်သိက္ခာ၊ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ဘက် ကူးပြောင်းရပ်တည်လာတာ တဖြည်းဖြည်း များပြားလာနေပါတယ်။
တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြဖို့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို NUG အစိုးရက တိုက်တွန်းနှိုးဆော်ထားပါတယ်။
ဒါ့အပြင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဖြစ်ကြတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ)နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင်ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို လက်ကမ်းကြိုဆိုနေကြတယ်လို့ သိရပါတယ်။
NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကတော့ လက်နက်နဲ့တကွ ပြည်သူ့ရင်ခွင်ဝင်ရောက်လာသူတွေကို ဥပဒေတွေနဲ့ အကာအကွယ်ပေးသွားမှာဖြစ်ပြီး ဂုဏ်ပြုဆုငွေတွေ ဆက်လက်ချီးမြှင့်သွားဖို့ ရှိနေတယ်လို့ ဆိုပါတယ်။