ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့ ရပ်ကွက် (၁) ရှမ်းကုန်းမှာနေတဲ့ မသဲသဲ(ရွှေမြင့်မိုရ်)နာမည်နဲ့ အွန်လိုင်းကနေဈေးရောင်းတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတဦးကို "ထပ်တူခံပြန်စားရပါစေ" ဆိုတဲ့ မှတ်ချက်ရေးသားလို့ ဇွန် ၂၇ ရက်နေ့ညမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ လာရောက် ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ပြည်တွင်းသတင်းဌာနတခုက ပြီးခဲ့တဲ့ ဇွန် ၂၂ ရက်နေ့က ရေးသားဖော်ပြထားတဲ့ (ပွင့်ဖြူ PDF ၁၂ ဦးကျဆုံးကာ ၃ ဦး အဖမ်းခံရမှုတွင် အဓိကလက်သည် စစ်ကောင်စီတပ်ဘက်က တပ်မှူး) ဖြစ်ကြောင်း ရေးသားထားတဲ့ သတင်းအောက်မှာ "ထပ်တူခံပြန်စားရပါစေ" ဆိုတဲ့ မှတ်ချက်ပေးထားတဲ့စာကြောင့် လာရောက်ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
"အရပ်ဝတ်တွေနဲ့ လာခေါ်သွားတာ အဲ့ဒီအမျိုးသမီးက မွေးခါနီးနေပြီ၊ ကိုယ်ဝန်အရင့်အမာကြီးနဲ့ အွန်လိုင်းမှာ ဈေးရောင်းရင်း မွေးစရိတ်စုနေတာ” လို့ သူနဲ့ရင်းနှီးတဲ့ အသိုင်းအဝိုင်းက DVB ကို ပြောပါတယ်။
အဆိုပါအမျိုးသမီးရဲ့ အမျိုးသားနဲ့ အသက် ၂ နှစ်အရွယ်သားအပါအဝင် အစ်မဖြစ်သူကိုပါ ဖမ်းဆီးခေါ်ဆောင်သွားပြီး ညတွင်းချင်း ပြန်လွှတ်ပေးပေမယ့် မသဲသဲကိုတော့ ရဲစခန်းမှာ ဆက်လက်ဖမ်းဆီးထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီကို ထောက်ခံတဲ့ Ko Khant အမည်ရှိ လူမှုကွန်ရက်စာမျက်နှာ Telegram မှာ ဇွန်လ ၂၃ ရက်နေ့က မသဲသဲ ဓာတ်ပုံတွေနဲ့ မှတ်ချက်ပေးထားတဲ့ စာကြောင်းကိုဖော်ပြကာ ဖုန်းနံပါတ်နဲ့ နေရပ်အတိအကျပေးပြီး ဖမ်းဆီးဖို့ ရေးသားထားတာလို့ ဆိုပါတယ်။