ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ဆေး ၆ ကြိမ်တိုင်ထိုးနှံထားတဲ့ ထိုင်းကျန်းမာရေးဝန်ကြီး လည်းဖြစ် ထိုင်းဝန်ကြီးချုပ် လက်ထောက်လည်းဖြစ်တဲ့ နိုင်းအနုထင်း ချန်းဝီရကွန်းဟာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ကျန်းမာရေးဝန်ကြီးအပါအဝင် ထိုင်းအစိုးရအဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့အပတ်က ပြင်သစ်နဲ့ ဆွီဇာလန်နိုင်ငံတွေမှာ နိုင်ငံတကာအဆင့်အစည်းအဝေးတွေ သွားရောက်ခဲ့ကြပြီး ဇွန် ၂၆ ရက်နေ့က ထိုင်းကိုပြန်ရောက်ကြောင်း၊ ပြန်ရောက်လာသူတွေထဲက ကျန်းမာရေးဝန်ကြီး နိုင်းအနုထင်းမှာ တကိုယ်လုံးကိုက်ခဲပြီး လည်ချောင်းယားသလို ဖြစ်နေတာကြောင့် ATK စစ်ဆေးရာမှာ ပေါ့စတစ်ပ် ဖြစ်နေပြီး ပိုသေချာအောင် RT-PCR နဲ့ ထပ်စစ်တော့ ကိုဗစ်-၁၉ ရောဂါပိုးကူး စက်ခံထားရတာ တွေ့တယ်လို့ ကျန်းမာရေးဒုဝန်ကြီး ကစ်သီဖုန်းက သတင်းထောက်တွေကို ပြောပါတယ်။
ဒါပေမဲ့ ဝေဒနာပြင်းထန်မှုမရှိကြောင်း၊ ဆေးရုံတက်ရသည်အထိမဖြစ်ဘဲ နေအိမ်မှာပဲ သီးသန့် Isolation နေထိုင်ကာ တပတ် ကွာရန်တင်းဝင်မယ်လို့ ဆိုပါတယ်။
ကျန်းမာရေးဝန်ကြီးဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ၆ ကြိမ်တိုင် ထိုးနှံထားကြောင်း၊ စီနိုဗက်အမျိုးအစား ၂ ကြိမ်၊ အက်စတာစီနီကာ ၂ ကြိမ် နဲ့ ဖိုက်ဇာအမျိုးအစားကို ၂ ကြိမ် ထိုးနှံခဲ့ပြီး ဆဌမအကြိမ်မြောက် ကာကွယ်ဆေးကို နိုင်ငံခြားမထွက်ခင် ဇွန် ၁၃ ရက်က ထိုးနှံခဲ့တာလို့ ဆိုပါတယ်။
အဆိုပါနှစ်နိုင်ငံခရီးစဉ်မှာ လူပေါင်းများစွာနဲ့ တွေ့ဆုံနှုတ်ဆက် ပြောကြားခဲ့ရတာကြောင့် နိုင်ငံခြားကနေ ကူးစက်ခဲ့တာလို့ ယူဆရပြီး ကိုဗစ်-၁၉ အမျိုးအစားကိုတော့ အဖြေမသိရသေးကြောင်း၊ ကာကွယ်ဆေးထိုးထားခြင်းမှာ ကူးစက်မှုမခံရဘူးလို့ ယတိပြတ် ဆုံးဖြတ်လို့မရဘဲ ရောဂါဝေဒနာမပြင်းထန်အောင်တော့ ဟန့်တားပေးနိုင်တယ်လို့ ဒုဝန်ကြီး ကစ် သီဖုန်းက ပြောသွားပါတယ်။
အဆိုပါခရီးစဉ်မှာ သူ့အပြင် အခြားအဖွဲ့ဝင်တွေ ကူးစက်မှုခံရခြင်းရှိ၊ မရှိကိုတော့ ကာယကံရှင်တွေက ထုတ်ဖော်ပြောကြားတာ မရှိတဲ့အတွက် ဘယ်နှဦးကူးစက်ခဲ့လဲဆိုတာတော့ မသိရဘူးလို့ Briight TV သတင်းမှာ ဖော်ပြပါတယ်။
ကျန်းမာရေးဝန်ကြီး ကိုဗစ်-၁၉ ကူးစက်ခံရပေမယ့် ထိုင်းနိုင်ငံရဲ့ ကိုဗစ်-၁၉ ကာကွယ်ရေး ဖြေလျော့မှု လုပ်ထုံးလုပ်နည်း၊ ထုတ်ပြန်ကြေညာချက်တွေအပေါ်မှာတော့ သက်ရောက်မှုမရှိကြောင်း၊ ထိုင်းနိုင်ငံအနေနဲ့ ကိုဗစ်-၁၉ ကုသရေးအတွက် လိုအပ်တဲ့ ကျန်းမာ ရေးဝန်ထမ်းနဲ့ ဆေးဝါးကိရိယာတွေ အလုံအလောက်ရှိတယ်လို့ ထိုင်းကျန်းမာရေး ဒုဝန်ကြီးက ပြောသွားပါတယ်။
ကိုးကား - matichon.co.th