Home
မြန်မာသတင်း
မြန်မာ့အရေး အာဆီယံ၏ချဉ်းကပ်ပုံ ပြန်သုံးသပ်ရန် ကုလအထူးကိုယ်စားလှယ်ပြော
DVB
·
June 24, 2022
c1_2332578

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ အာဆီယံအနေနဲ့ မြန်မာစစ်ကောင်စီနဲ့ညှိနှိုင်းရာမှာ စစ်တပ်ရဲ့ ရန်လိုကြမ်းကြုတ်မှုတွေကို ရပ်တန့်ရေးအတွက် အချိန်ကာလတခုသတ်မှတ်ကာ တောင်းဆိုနိုင်ဖို့ အခုလက်ရှိ ချဉ်းကပ်ပုံကို ပြန်သုံးသပ်ဖို့ လိုနေပြီလို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အန်းဒရူးစ်က ဇွန် ၂၃ ရက်က ပြောလိုက်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတွင်းကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပို့ဆောင်နိုင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေကိုလည်း သူက တိုက်တွန်းလိုက်ပါတယ်။

အာဆီယံ ၁၀ နိုင်ငံအတွင်းမှာ စစ်ကောင်စီကို ဝေဖန်မှုအမြင့်ဆုံးဖြစ်တဲ့ မလေးရှားနိုင်ငံကို ၆ ရက်ကြာ သွားရောက်ခဲ့တဲ့ အန်းဒရူးစ်က “လက်တွေ့ဖြစ်မလာတဲ့ စာရွက်ပေါ်က သဘောတူညီမှုတွေဟာ ဘာမှအဓိပ္ပာယ်မရှိဘူး။ တနှစ်ကျော်ကြာလာတဲ့အချိန်ထိ ဘာတိုးတက်မှုမှ မရှိတဲ့ အခြေအနေကနေ အမှန်တကယ်ဖော်ဆောင်နိုင်မယ့် နည်းဗျူဟာတွေ ထပ်ပေါင်းဖို့ ပြန်သုံးသပ်သင့်တယ်”  လို့ ပြောခဲ့ပါတယ်။ 

အာဆီယံနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံကို ပိုမိုဖိအားပေးဖို့ ဆောင်ရွက်သင့်ကြောင်း ပြောနေတဲ့ မလေးရှားရဲ့ တိုက်တွန်းချက်ကို အလေးပေးစဉ်းစားသင့်တယ်လို့လည်း သူကပြောပါတယ်။

ငြိမ်းချမ်းရေးသဘောတူညီချက်ကို လိုက်နာဖို့ပျက်ကွက်ခဲ့တာကြောင့် ပြီးခဲ့တဲ့ ၂၀၂၁ နှစ်နှောင်းပိုင်းမှာ ကျင်းပခဲ့တဲ့ အာဆီယံခေါင်းဆောင်များညီလာခံမှာ မြန်မာနိုင်ငံကို ပယ်ထားခဲ့ပါတယ်။ ဒါပေမယ့််အခုနှစ်အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ ကမ္ဘောဒီးယာကတော့ လူ့အခွင့်အရေး အဖွဲ့တွေရဲ့ တောင်းဆိုမှုတွေကို ဆန့်ကျင်ပြီး စစ်ကောင်စီနဲ့ စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီးတို့ကို အစည်းအဝေးမှာ ဖိတ်ကြားခဲ့ပါတယ်။

ရွေးကောက်ခံအစိုးရကို ဖယ်ရှားအာဏာသိမ်းပြီးနောက် ဆန္ဒပြသူတွေကို လူမဆန်စွာ ဖြိုခွင်းမှုတွေပြုလုပ်ခဲ့တဲ့ စစ်ကောင်စီအပေါ် ဘယ်လိုဆက်ဆံသင့်တယ်ဆိုတဲ့အပေါ်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြား သဘောထားကွဲလွဲနေပါတယ်။ 

အမျိုးသားညီညွတ်ရေး အစိုးရနဲ့ ဆက်ဆံရေး၊ မဆက်ဆံရေးပေါ် မူတည်ပြီးတော့လည်း အာဆီယံနိုင်ငံတွေကြားမှာ သဘောထားကွဲလွဲနေပြန်ပါတယ်။ 

အန်းဒရူးစ်ကတော့ အမျိုးသားညီညွတ်ရေး အစိုးရသာလျှင် အမှန်ကယ်တရားဝင်မှု ရှိတယ်လို့ ပြောပါတယ်။

“လက်တွေ့ကျကျ ပြောရရင် လူမှုကယ်ဆယ်ရေး အကူအညီတွေ ပေးချင်တဲ့ နိုင်ငံတွေအတွက် တကယ်အသုံးဝင်မယ့် မြေပြင်က သတင်းတွေကို NUG ကနေအများအပြား ရရှိနိုင်တယ်” လို့ သူက ပြောပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီကတော့ NUG ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် မတရားအသင်းကြေညာခဲ့ပြီး တခြားနိုင်ငံတွေကို NUG နဲ့ မဆက်သွယ်ဖို့ တားမြစ်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024