စစ်ကိုင်းတိုင်း၊ အင်းတော်-ဗန်းမောက် ကားလမ်းမှာ စစ်ရေးလှုပ်ရှားတာတွေရှိမှာဖြစ်လို့ ဇွန် ၂၄ ရက် မနက် ၆ နာရီကနေ ဇွန် ၂၅ ရက် မနက် ၅ နာရီထိ ကား၊ သုံးဘီး၊ ဆိုင်ကယ်စတဲ့ ဘယ်လိုယာဉ်မျိုးမှ ဖြတ်သန်းသွားလာတာတွေ မလုပ်ဖို့ Banmauk Revolution-BR အဖွဲ့က အရေးပေါ်ကြေညာချက် ထုတ်ပြန်ပါတယ်။
“စည်းကမ်းမလိုက်နာဘဲ တစုံတရာဖြစ်ပွားခဲ့ပါက ဒေသကာကွယ်ရေးအဖွဲ့က လုံးဝတာဝန်မယူဘူး” လို့ BR အဖွဲ့က ဆိုပါတယ်။
ဇွန် ၂၀ ရက်ကလည်း အင်းတော်-ဗန်းမောက် လမ်းပိုင်းမှာ သွားလာနေတဲ့ ကုန်တင်ကားတွေ မိုးကာအုပ်ပြီး မမောင်းနှင်ဖို့နဲ့ ည ၁၀ နာရီကနေ မနက် ၄ နာရီအထိ ဗန်းမောက်မြို့နယ်အတွင်း အရေးပေါ်ကိစ္စမှအပ ခရီးသွားလာတာတွေ မပြုကြဖို့ ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့က ကြေညာခဲ့ပါတယ်။
ကြေညာချက်ကို မလိုက်နာဘဲ တစုံတရာဖြစ်ပေါ်ခဲ့ပါက ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေက တာဝန်မယူကြောင်း ပြောဆိုခဲ့ပါတယ်။
အင်တာနက်လိုင်းရတဲ့ ပြည်သူတွေနဲ့ နီးစပ်ရာပြည်သူတွေကိုလည်း ဖုန်းနဲ့ဖြစ်စေ တခြားနည်း နဲ့ ဖြစ်စေ ဆက်သွယ်အသိပေးကြဖို့ တောင်းဆိုထားပါတယ်။
အင်းတော်မြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုတို့ မကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးတာ၊ အင်အားဖြည့်တင်းတာတွေ နေ့စဉ်လုပ်နေတယ်လို့ ဒေသခံတွေ ပြောပါတယ်။