စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည် အထက်ပိုင်းလမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG Press Secretary Team တာဝန်ရှိသူတွေက ဇွန် ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
NUG Press Secretary Team တာဝန်ရှိသူ ဦးနေဘုန်းလတ်က “စစ်ကိုင်းတိုင်းနဲ့ မကွေးမှာ လမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်မှု အသေးစိတ်ရှင်းရရင် စစ်ကောင်စီတပ်တွေ အလွယ်တကူ ဝင်ရောက်သွားလာလို့ မရတော့တာမျိုးလို့ ဆိုလိုတာ ဖြစ်ပါတယ်။ မီးရှို့ဖျက်ဆီးတာတွေ တောက်လျှောက် ဖြစ်နေတာက Gray Zone ဟိုဘက်ကလည်း မထိန်းချုပ်နိုင်၊ ဒီဘက်ကလည်း မထိန်းချုပ်နိုင်တဲ့ နေရာတွေ ဖြစ်ပါတယ်။ စစ်ဘေးရှောင်တွေကို တတ်နိုင်သလောက် ကူညီပေးနေတာတွေ ရှိနေပါတယ်။ ပြည်သူတွေ အထိနာတာ သက်သာအောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ စစ်ရေးဗျူဟာတွေကို ပြောင်းလဲနေပါတယ်။ ပြည်သူတွေခံ စားနေရတာကိုလည်း ရင်နဲ့အမျှခံစားရပါတယ်။ ကူညီပေးနိုင်ဖို့လည်း ကြိုးစားနေပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက ချင်းပြည်နယ်နဲ့ ကရင်နီပြည်နယ်တွေမှာ လူနေအိမ်တွေကိုသာမက ဘာသာရေး အဆောက်အအုံတွေကိုပါ မီးရှို့ဖျက်ဆီးတာ၊ ဘာသာရေးခေါင်းဆောင်တွေပါမချန် မထင်ရင် မထင်သလို သတ်ဖြတ်နေတာ ဖြစ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင် မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်တလုံးချင်းစီအတွက် တရားမျှတမှုရဖို့ ကြိုးစားပေးမှာဖြစ်ပြီး စစ်ကောင်စီအနေနဲ့လည်း ကျူးလွန်မှုတခုစီတိုင်းအတွက် တာဝန်ခံရမယ်လို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဒေါက်တာဆာဆာက ပြောပါတယ်။
“ရွာကို မီးရှို့တယ်၊ ဘုရားကျောင်းကို မီးရှို့တယ်၊ လူသတ်တယ်ဆိုတာက အရင်ကတည်းက ချင်းတို့၊ ရခိုင်တို့ ရိုဟင်ဂျာတွေ တိုင်းရင်းသားတွေခံစားခဲ့ရတာ ကမ္ဘာသိဖြစ်တယ်။ ကရင်နီပြည်နယ်မှာလည်း ထိုနည်းလည်းကောင်း ဖြစ်တယ်။ အကြမ်းဖက်သမားတွေက ကြိုက်သလို မီးရှို့လိုက်၊ ဖျက်ဆီးလိုက်ဖြစ်နေတာ ကျနော်တို့ လက်မခံနိုင်ဘူး။ Justic Accountability က ရှိကိုရှိရမယ်။ သူတို့ ဖြတ်လေးဖြတ်ကို သုံးတယ်။ ဒါကို စစ်ကောင်စီက သိထားဖို့က အထောက်အထားတွေအားလုံး ကျနော်တို့ မဖျက်ပစ်ဘူး။ ICC ဒါမှ တဆင့် ICJ ကို သွားမယ်။ စစ်ကိုင်း၊ မကွေးက မီးရှို့ခံရတဲ့အိမ်တွေ တလုံးမှချန်ထားမှာ မဟုတ်ဘူး။ တရားမျှတမှု ရရမယ်။ ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် ကျနော်တို့ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာနတွေက ကြိုးစားဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်” လို့ ဒေါက်တာဆာဆာက ပြောပါတယ်။
စစ်ကိုင်းတိုင်းမြို့နယ် ၁၅ ခုကို စက်ရှင်တရားစီရင်ရေး အာဏာအပ်နှင်းကြောင်း မေ ၁၉ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။
တိုင်ကြားလာတဲ့အမှုတွေကို အွန်လိုင်းကနေ စစ်ဆေးစီရင်မှာဖြစ်သလို မြေပြင်မှာလည်း စစ်ဆေးစီရင်မယ်လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရက စက်ရှင်အာဏာပေးအပ်ပြီး တရားသူကြီးအဖွဲ့တွေ ဖွဲ့စည်းပေးခဲ့တဲ့ စစ်ကိုင်းတိုင်း ၁၅ မြို့နယ်ကတော့ တမူး၊ ယင်းမာပင်၊ ကသာ၊ ကောလင်း၊ ကန့်ဘလူ၊ ဗန်းမောက်၊ ကျွန်းလှ၊ အင်းတော်၊ ထီးချိုင့်၊ ကနီ၊ ဝက်လက်၊ အရာတော်၊ မြင်းမူ၊ တန့်ဆည်၊ ခင်ဦးမြို့နယ်တွေ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းထဲမှာ စစ်တပ်နဲ့ ပျူစောထီးတွေရဲ့ အကြမ်းဖက်မှုတွေကြောင့် ပြည်သူတွေဟာ ကြီးမားတဲ့ အခက်အခဲနဲ့ ရင်ဆိုင်နေရသလို ပြည်သူအချင်းချင်း ပြစ်မှုကျူးလွန်တာတွေလည်း ရှိနေတဲ့အတွက် အခုလို တရားစီရင်ရေးမဏ္ဍိုင်ကို ပြန်လည်အသက်သွင်းဖို့ အမျိုးသားညီညွတ်ရေးအစိုးရက ပြင်ဆင်လာတာ ဖြစ်ပါတယ်။