စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ရဲ့ ရှေ့နေ ဦးမိုးဇော်ထွန်းကို ဇွန် ၂၀ ရက်က စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားတယ်လို့ ဖမ်းဆီးခံ ရှေ့နေနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။
“မနေ့ နေ့လယ် ၁ နာရီလောက် စစ်ကောင်စီက ကိုမိုးဇော်ထွန်းကို ဖမ်းသွားတယ်။ သူက နိုင်ငံရေးအမှုတွေ လိုက်ပေးနေတဲ့ ရှေ့နေပါ။ မုံရွာမှာ နိုင်ငံရေးနဲ့ ဖမ်းဆီးခံရတဲ့သူတွေရဲ့အမှုကို အများဆုံးလိုက်တဲ့သူပါ။ အခုလည်း ဒေါက်တာဇော်မြင့်မောင်အမှုကို လိုက်ပေးနေတာ။ ဘာကြောင့် ဖမ်းတယ်ဆိုတာ မသိရသေးဘူး။”
ဦးမိုးဇော်ထွန်းကို မုံရွာမြို့ မြို့သစ်ရပ်ကွက်မှာရှိတဲ့ သူ့နေအိမ်ကနေ စစ်ကောင်စီက ဖမ်းဆီးသွားတာဖြစ်ပြီး လတ်တလော ဘယ်ကို ခေါ်သွားတယ်ဆိုတာ မသိရသေးတဲ့အပြင် မိသားစုနဲ့ အဆက်သွယ်ပြတ်နေ တယ်လို့ သိရပါတယ်။
ဦးမိုးဇော်ထွန်းဟာ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်အပါအဝင် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ နဲ့ ဖမ်းဆီးသူတွေအတွက်အမှု လိုက်ပါဆောင်ရွက်ပေးနေသူ တစ်ဦးဖြစ်ပါတယ်။