စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ဇွန်လ ပထမပတ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့လို့ ဥရုချောင်း ရေကြီးရေလျှံနေကာ ဟုမ္မလင်း၊ နောင်ပိုအောင်၊ နမ့်တော ကျေးရွာချင်းဆက်လမ်းတွေနဲ့ အနိမ့်ပိုင်းရပ်ကွက်တွေ၊ ကျေးရွာတွေ ရေနစ်မြုပ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဥရုချောင်းဒေသမှာ နေထိုင်သူတဦးက “မိုးဦးအစရှိသေးတယ်။ ရေဘေးကစပြီ၊ တွက်ပြီးသားပါ၊ ဥရုချောင်းကမ်းနဘေး ဝဲ၊ ယာမှာရှိတဲ့ ရွာတွေ ဒီနှစ် ရေဘေးကြုံရမယ်ဆိုတာ။ ချောင်းထဲ ရွှေမျောမောင်းတယ်၊ သဲစာတွေ ကမ်းဘက်ပုံတော့ ရေထွက်ပေါက်တွေ ပိတ်ပြီလေ။ အခု လမ်းတွေရေကျော်၊ တံတားတွေ ရေမြုပ်နေပြီ၊ ရွာထဲကရေတော်တော်နဲ့ မကျနိုင်တော့ဘူး။ မိုးလယ် မိုးနှောင်း မိုးဆက်မကောင်းဖို့ ဆုတောင်းရမှာပဲ" လို့ ပြောပါတယ်။
ကျေးရွာချင်းဆက် ကားလမ်းတွေနဲ့ တံတားတွေ ရေကျော်နေတာကြောင့် အသွားအလာတွေ ရပ်ထားရတယ်လို့ ဒေသတွင်းမှာ အမြဲတမ်းသွားလာနေတဲ့ ဈေးသည်တွေဆီက သိရပါတယ်။
ဒေသခံတဦးက “ဆယ်ဇင်း၊ ဟောင်ပါး၊ တာမခံ ရေကြီးနေတယ်။ ခန္တီးဘက်လည်း မိုးကောင်းပြီး ချင်းတွင်းမြစ်ရေ တိုးနေပြီ။ ဆယ်ဇင်းရေကဆင်းလာ၊ ချင်းတွင်းမြစ်ရေက ထောက်ထားတော့ ရေကြီးရေလျှံဖြစ်လို့ လမ်းပန်းဆက်သွယ်ရေး၊ စားဝတ်နေရေး၊ ကျန်းမာရေး ခက်ခဲလာမှာ စိုးရိမ်မိတယ်။ ခေတ်ကမကောင်း ကုန်ဈေးနှုန်းက အစစအရာရာ အတက်နဲ့ ဒီနှစ်မိုးဦးရာသီမှာ စလာပြီ" လို့ ပြောပါတယ်။
စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ချင်းတွင်းမြစ်အတွင်းနဲ့ ဥရုချောင်းအတွင်း ရွှေမျောလုပ်ကိုင်တာတွေ ရှိခဲ့ပြီး ရေစီးရေလာ ရေကြောင်းပြောင်းကာ ကမ်းပါးပြိုကျမှာကို မြစ်ကမ်းအနီး နေထိုင်သူတွေ စိုးရိမ်နေကြပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၁ ရက်ကလည်း အထက်ပိုင်း မိုးကောင်းခဲ့ပြီး ဟုမ္မလင်းမြို့နယ်အတွင်း နေ့ညအဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် ဥရုချောင်းရေကြီးနေသလို ချင်းတွင်းမြစ်ရေလည်း ၆ ပေလောက် မြင့်တက်လာတယ်လို့ မိုး/ဇလထုတ်ပြန်ချက်အရ သိရပါတယ်။