မကွေးတိုင်း ဆောမြို့နယ်မှာ PDF-ဆော WE ARE THE ONEတပ်ခွဲက စစ်ကောင်စီရဲ့ စီပွားရေးဒေါက်တိုင်တစ်ခုဖြစ်တဲ့ မိုင်တဲလ် တာဝါတိုင်ကရရှိတဲ့ ကုန်ကြမ်းတွေနဲ့ မိုင်တဲလ်မမ တာဝေးပစ်လက်နက်ကြီးကို အောင်မြင်စွာ စမ်းသပ်ထုတ်လုပ်နိုင်ခဲ့တယ်လို့ PDF-ဆောက ပြောပါတယ်။
“မိုင်တဲလ် ပိုက်ရဲ့ အချင်းက ၂ လက်မခွဲ ရှိတဲ့ မိုင်တဲလ်မမကို တလလောက်အချိန်ပေးပြီး ခက်ခက်ခဲခဲ တီထွင်ထုတ်လုပ်ခဲ့တာပါ။ အရွယ်အစားကတော့ ၆၀ မမအရွယ်အစားဖြစ်တယ်။ အကွာအဝေး ဘယ်လောက်ထိ ရောက်တယ်ဆိုတာကိုတော့ မသိရသေးဘူး” လို့ PDF-ဆောရဲ့ ပြန်ကြားရေးတာဝန်ခံဗိုလ်မင်းက ဒီဗွီဘီကိုပြောပါတယ်။
အဲဒီလက်နက်ကြီးမှာ အသုံးပြုဖို့ ယမ်းစိမ် ၁ ပိဿာကို ၄၅၀၀၀ လောက် ပေးရပြီး သယ်ယူရတဲ့ လမ်းကြောင်းတွေ အရမ်းခက်ခဲကြောင်း၊ မိုင်တဲလ်မမ ကျည် ၁ တောင့်ကို ၁၀၀၀၀ ကျပ်လောက်ကုန်ကျပြီး ပြောင်းအတွက်တော့ ၄၀၀၀ ကျပ်လောက်ပဲ ကုန်ကျတဲ့ အတွက် ကုန်ကျစရိတ် သက်သာတယ်လို့ ဆိုပါတယ်။
PDF-ဆောက ရဲဘော် ၂ ယောက်ဟာ ဖေဖော်ဝါရီလလောက်က တာဝေးပစ်လက်နက်ကြီးတွေ စမ်းသပ်ထုတ်လုပ်ရာမှာ ပြောင်းကွဲပြီးတော့ တိုင်းပြည်အတွက် အသက်ပေးလှူလိုက်ရကြောင်း ဒီတကြိမ် မိုင်တဲလ်မမ ထုတ်လုပ်ရာမှာတော့ ထိခိုက်မှု မရှိပေမယ့် အသက်နဲ့ ရင်းပြီးစမ်းသပ်ထုတ်လုပ်ခဲ့ရတာလို့ ဆိုပါတယ်။
နိုင်ငံတဝှမ်းလုံးမှာရှိတဲ့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ PDF တွေဟာ လက်နက်ခဲယမ်း ပြည့်စုံလုံလောက်မှုမရှိတာကြောင့် လက်လုပ်သေနတ်တွေ၊ တာဝေးပစ် လက်လုပ်လက်နက်ကြီးတွေကို နည်းလမ်းအမျိုးမျိုးရှာဖွေပြီး တီထွင်ထုတ်လုပ်ကာ စစ်အာဏာရှင်ကျဆုံးရေးတွက် တိုက်ပွဲဝင်နေကြပါတယ်။