Home
မြန်မာသတင်း
ရှိမ်းမကားရဲစခန်းကို ဝက်လက်အခြေစိုက် မဟာမိတ်ပြောက်ကျားတပ်များ ပူးပေါင်းတိုက်ခိုက်
DVB
·
June 13, 2022
287582341_1726856891012400_9089004705597061099_n

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း၊ ရှိမ်းမကားကျေးရွာက ရဲစခန်းကို ဒေသကာကွယ်ရေး  မဟာမိတ်ပြောက်ကျားတပ်ဖွဲ့ ၅ ဖွဲ့က ဇွန် ၁၂ ရက်နေ့ မွန်းလွဲပိုင်းမှာ ဒရုန်းနဲ့ရော မြေပြင်ကပါ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က သုံးဦးထက်မနည်း သေဆုံးခဲ့တယ်လို့ နယ်စည်းမခြား တော်လှန်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ဒေသခံ လူငယ်အဖွဲ့လေးတွေရဲ့ ဒရုန်း နည်းပညာနဲ့ အပေါ်ကပဲ  ကျနော်တို့ ချပစ်တယ်ပေါ့နော်။ ချပစ်ပြီးတော့ ဒီ ကျနော်တို့ နယ်မြေခံ အဖွဲ့တွေနဲ့ပဲ မြေပြင်ရယ်၊ ဝေဟင်ရယ်၊ အပေါ်ရယ်ပေါ့နော် အဲ့လိုမျိုးလေး ပေါင်းဖွဲ့ပြီးတော့ ကျွန်တော်တို့ သွားကြတာပေါ့နော်။ နေ့လယ် နှစ်နာရီလောက်က စပြီးတော့ ကျနော်တို့ ညနေ လေးခွဲလောက်မှာ သူတို့ စခန်းနားအထိ ရောက်အောင် ကပ်နိုင်ခဲ့တယ်ပေါ့နော်။ အဲ့လိုကပ်နိုင်တဲ့အချိန်မှာ သူတို့က စခန်းပေါ်ကနေ အကုန်ထွက်ပြေးပြီးတော့ အခြားတနေရာကို ရွှေ့သွားတာ၊ အဲ့ဒီအချိန် သူတင်ကိုယ်တင်ဖြစ်နေတဲ့အချိန်မှာပဲ နမခက MI 35 နဲ့ လာပြီးတော့ ကျနော်တို့ကို ပစ်တာပေါ့နော်” လို့ ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်အုပ်စုဘက်က စနိုက်ပါနဲ့ ပစ်တဲ့အတွက် မဟာမိတ်ပြောက်ကျားအဖွဲ့ဘက်က နားရွက်ကို ထိမှန်ခဲ့သူတဦးနဲ့ ရှပ်ထိသူတဦးသာရှိခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီလိုတိုက်ခိုက်နေစဉ် ညနေပိုင်းမှာ ရှိမ်းမကားကျေးရွာတဝိုက်က ပြောက်ကျားတပ်ဖွဲ့တွေ ခိုအောင်းနေတယ် ယူဆရတဲ့ နေရာတွေကို စစ်ရဟတ်ယာဉ် နဲ့ လိုက်လံပစ်ခတ်ခဲ့‌တယ်လို့ နယ်စည်းမခြား တော်လှန်ရေးအဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

လေယာဉ်ဟာ ကျေးရွာတဝိုက် အပေါ်စီးကနေ နာရီဝက်လောက် လှည့်လည် ဝဲပျံရှာဖွေပြီး အချက်နှစ်ဆယ်လောက် ပစ်ခတ်ခဲ့ပေမယ့် မဟာမိတ် ပြောက်ကျားတပ်ဖွဲ့တွေဘက်ကတော့ အထိအခိုက် အကျအဆုံးမရှိခဲ့ဘူးလို့ သိရပါတယ်။

စစ်အုပ်စုဟာ စစ်သား၊ရဲနဲ့ ပျူစောထီး အင်အား ၅၀ လောက်နဲ့ ရှိမ်းမကားမှာ အခြေချပြီး ဒေသခံ တွေအပေါ်မှာ ငွေညှစ်တာ၊ ဖမ်းဆီးတာ၊ ပြည်သူပိုင် ပစ္စည်းတွေကို သိမ်းယူတာ၊ ဒဏ်ရိုက်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ရှိမ်းမကားရဲစခန်းတိုက်ခိုက်မှုကို နယ်စည်းမခြားတော်လှန်ရေးအဖွဲ့၊ Aventure လူငယ်ပြောက်ကျားအဖွဲ့၊ တောကြီးမြွေပွေးအဖွဲ့၊ လျှပ်စီး ပြောက်ကျားအဖွဲ့၊ ဒေါင်းစစ်သည် စတဲ့ ဝက်လက်မြို့နယ်အခြေစိုက် မဟာမိတ်ပြောက်ကျားအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဓာတ်ပုံ CJ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024