ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ မိုးသည်းထန်စွာ ရက်ဆက်ရွာသွန်းတာကြောင့် ဥရုချောင်းရေ မြင့်တက်ပြီး ရပ်ကွက်တွေအတွင်း လူနေအိမ်တွေနဲ့ လမ်းတွေပေါ် ရေဝင်ရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖားကန့်ဒေသအတွင်း အခုရက်ပိုင်း မိုးဆက်တိုက်ရွာသွန်းနေတာ ရက်သတ္တပတ်လောက် ရှိနေပြီဖြစ်ပြီး ဇွန် ၁၁ ရက် ညနေပိုင်းကစပြီး ရေကြီးလာခဲ့တယ်လို့ သိရပါတယ်။
ဒေသခံတစ်ဦးက "မြို့မရပ်ကွက်၊ ကျောက်ဝိုင်း၊ ငှက်ပျောတော့၊ မရှီကထောင်ဘက်တွေ ရေဝင်နေပြီ။ ကြိုးတံတားလည်း ရေထိနေပြီ။ နှစ်တိုင်း ရေကြီးနေတာ။ ရေဝင်တဲ့ လူနေရပ်ကွက်တချို့ကတော့ စပြောင်းနေကြပြီ။ မိုးကလည်း ဆက်တိုက်ရွာနေတုန်းပဲ" လို့ ပြောပါတယ်။
ကျောက်တူးဖော်တဲ့ ကုမ္ပဏီတွေ ဆယ်စုနှစ်ကျော်ကြာ စည်းမဲ့ကမ်းမဲ့ ကျောက်တူးဖော်တာ၊ မြေစာ တွေကို သတ်မှတ်တဲ့ နေရာမှာ မစွန့်ပစ်တာတွေကြောင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးနဲ့ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောက်စိမ်းဥပဒေမှာ ဥရုချောင်းရဲ့ ဘေးပတ်လည် ပေ ၃၀၀မှာ မြေစာပုံ မပစ်ရဘူးလို့ ပါရှိပေမဲ့ ကျောက်တူးဖော်တဲ့ ကုမ္ပဏီတွေက စည်းကမ်း မလိုက်နာတာကြောင့် မိုးရွာသွန်းချိန်တိုင်း မြေစာပုံတွေ ချောင်းအတွင်း မျောပါလာပြီး မြစ်ကောလာကာ ရေကြီးရေလျှံ ပြသနာတွေ နှစ်စဉ် ကြုံတွေ့နေရတာ ဖြစ်ပါတယ်။
ရေကြီးရေလျှံမှုမှာ ဖားကန့်မြို့ပေါ်ရပ်ကွက်ဖြစ်တဲ့ လုံးခင်း၊ အေးမြသာယာ၊ ငှက်ပျောတော့နဲ့ မရှီကထောင် စတဲ့ ရပ်ကွက်ပြည်သူတွေက ရေဘေးဒဏ်ကို အများဆုံးကြုံတွေ့ခဲ့ရတာပါ။
ဥရုချောင်း ရေစီးရေလာကောင်းစေဖို့ နှစ်စဉ် ဖားကန့်မြို့ အနီး ဥရုချောင်း သန့်ရှင်းရေး ပြုလုပ်နေပေမဲ့ ရေကြီး ရေလျှံတာတွေ နှစ်စဉ် ဖြစ်ပေါ်နေဆဲလို့ ဒေသခံတွေက ပြောပါတယ်။