ချင်းပြည်နယ်၊ ပလက်ဝမြို့မှာ ရက္ခိုင့်တပ်တော်(အေအေ)နဲ့ဆက်နွှယ်တယ်လို့ စွပ်စွဲပြီး စစ်ကောင်စီတပ်ကဖမ်းဆီးသွားတဲ့ ဒေသခံပြည်သူ အနည်းဆုံး ၇ ယောက်ရှိလာပြီလို့ မြို့ခံတွေက ပြောပါတယ်။
ဇွန် ၈ ရက် ည ၇ နာရီကျော်လောက်က အသက် ၆၀ အရွယ် မြို့မရပ်ကွက်က ရာအိမ်မှူး ဦးမောင်ဝင်းကို ပလက်ဝအခြေစိုက် ၂၈၉ တပ်ရင်းက စစ်သားတွေ ဖမ်းဆီးသွားတာလို့ ပလက်ဝမြို့ခံတစ်ဦးက ပြောပါတယ်။
"ရက္ခိုင့်တပ်တော်(အေအေ)နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးသွားတာလို့ ကြားတယ်။ ဘာကြောင့် ဖမ်းတယ်ဆိုတာတော့ အတိအကျ မသိရသေးဘူး။”
ပြီးခဲ့တဲ့ ဇွန် ၄ ရက်ကလည်း ပလက်ဝမြို့ မြို့မရပ်ကွက်က ဦးမောင်မဲကျော့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့သလို မေလ ၂၆ ရက်ကလည်း အဘောင်သားကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ဆယ်အိမ်မှူး နှစ်ယောက်ကို ၂၈၉ တပ်ရင်းက ဖမ်းဆီးခဲ့ပါတယ်။
ထိုနောက် ဆယ်အိမ်မှူး ၂ ယောက်ကို ၂ ရက်အကြာမှာ ပြန်လွတ်ပေးခဲ့ပေမဲ့ နောက် ၃ ရက်အကြာမှာ အဘောင်သား ကျေးရွာသား နှစ်ယောက်ကို ထပ်မံဖမ်းဆီးခဲ့ပါတယ်။
ပလက်ဝမြို့မှာ ရက္ခိုင်တပ်တော်(အေအေ)နဲ့ စပ်ဆက်တယ်ဆိုပြီး ဖမ်းဆီးခံရသူ ၇ ယောက်အထိ ရှိလာပေမဲ့ ၂ ယောက်သာ ပြန်လည်လွတ်မြောက်လာသေးပါတယ်။
ပလက်ဝမြို့နယ် အဘောင်သားကျေးရွာအနီးမှာ မေလ ၂၆ ရက်က စစ်ကောင်စီတပ်နဲ့ ရက္ခိုင်တပ်တော်(အေအေ)အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။