မကွေးတိုင်း ပေါက်မြို့နယ် ကိုင်းလယ်ရဲစခန်းကို ဇွန် ၇ ရက်နေ့ မနက်ပိုင်းက ဒေသကာကွယ်ရေးတပ်ဖွဲ့တွေပူးပေါင်းကာ စခန်းသိမ်းတိုက်ပွဲ ပြုလုပ်ခဲ့ပြီး ရဲတယောက် သေဆုံး၊ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ YDF-ပေါက်က ပြောပါတယ်။
ကိုင်းလယ်ရဲစခန်းကို ဝင်ရောက်စီးနင်းဖို့ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF-ပေါက်က ဗိုလ်နားပေါက်(နပေါက်) ဦးဆောင်တဲ့ ညီနောင်မဟာမိတ် ၉ ဖွဲ့ ဟာ ဇွန်လ ၅ ရက်နေ့ကတည်းက အစည်းအဝေးထိုင်စီစဉ်ခဲ့ကြောင်း၊ ဒီကနေ့မနက် ၁ နာရီလောက်ကတည်းက အသင့်စောင့်ဆိုင်းပြီး မနက်မိုးလင်းလင်ချင်း ကိုင်းလယ်ရဲစခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ YDF-ပေါက်ရဲ့ ပြန်ကြားရေးတာဝန်ခံ Delta က ဒီဗွီဘီကိုပြောပါတယ်။
“အဲဒီတိုက်ပွဲမှာ ရဲ(...)တကောင် အရှင်ဖမ်းမိပြီး ထွက်ပြေးတဲ့အချိန်မှာ မိုင်းနင်းမိပြီး သေဆုံးသွားခဲ့တယ်။ ကျန်တဲ့ ရဲတွေကတော့ ဒဏ်ရာတွေနဲ့ ပြေးသွားပြီး သေဆုံးသူ ရှိနိုင်တယ်။ ကျနော်တို့ မဟာမိတ်တပ်ဖွဲ့ဘက်က ရဲဘော် ၂ ယောက်ကတော့ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးလှူလိုက်ရတယ်။ ရဲ(...)တွေထွက်ပြေးသွားလို့ လက်နက်တွေတော့ မသိမ်းဆည်းနိုင်ခဲ့ ဘူး။ ရဲစခန်းကိုတော့ မီးရှို့ဖျက်ဆီးခဲ့တယ်။ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူနဲ့ စစ်ကူတွေတက်လာတာကြောင့် ပြန်လည် ဆုတ်ခွာခဲ့ကြတယ်။”
YDF-ပေါက် ဗိုလ်နပေါက် တပ်ဖွဲ့ဟာ ယောဒေသကာကွယ်ရေးတပ်ဖွဲ့ YDF ရဲတပ်ရင်းအဖြစ်ပူးပေါင်းပြီး ပေါက်မြို့နယ်ထဲမှာ ဒေသကာကွယ်ရေးညီနောင် မဟာမိတ်တပ်ဖွဲ့တွေ စည်းလုံးမှုရှိတယ်ဆိုတာ ပြသတဲ့အနေနဲ့ စခန်းသိမ်းတိုက်ပွဲ ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။
YDF-ပေါက်တပ်၊ ညီနောင်မဟာမိတ် ပူးပေါင်းတပ်တွေနဲ့ မေ ၄ ရက်နေက ချက်ကန်ရွာနားနားမှာ တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်က အယောက် ၃၀ လောက်သေပြီး YDF-ပေါက်ဘက်က ရဲဘော် ၂ ယောက် ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။
နှစ်ဘက်တိုက်ပွဲအတွင်းမှာ ထိခိုက်သေဆုံးတဲ့ အခြေနေကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။