စစ်ကောင်စီဩဇာခံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆယ်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးနဲ့ လက်ထောက်ညွှန်ကြားရေးမှူး အယောက် ၃၅၀ ကျော်ကို ပြည်သူ့သစ္စာဖောက်တွေအဖြစ်သတ်မှတ် အမည်ပျက်စာရင်းသွင်းပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြေညာပါတယ်။
NUG အစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဇွန် ၆ ရက် ရက်စွဲနဲ့ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်တာဖြစ်ပြီး ဝန်ကြီးဌာနအနေနဲ့ နိုင်ငံ့ဝန်ထမ်းတွေကို အကြမ်းဖက်စစ်ကောင်စီ လက်အောက်မှာ ဆက်လက်တာဝန်မထမ်းဆောင်ဘဲ ဓမ္မဘက်မှရပ်တည်ကာ ပြည်သူနဲ့ တသားတည်းဖြစ်စေဖို့ အမိန့်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ကြဖို့ အကြိမ်ကြိမ်ဖိတ်ခေါ် ကမ်းလှမ်းခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် NUG အစိုးရ ဝန်ကြီးချုပ်ရုံးအနေနဲ့လည်း CDM လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြတဲ့ ဝန်ကြီးဌာနမဖွဲ့ရသေးတဲ့ ဌာန အသီးသီးမှ နိုင်ငံ့ဝန်ထမ်းသူရဲကောင်းတွေရဲ့ လူမှုဖူလုံရေး၊ လုံခြုံဘေးကင်းရေးနဲ့ ဖိအားကင်းစင်ရေးတို့အတွက် အလေးထား ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ဒါကြောင့်မို့ တရားမဝင် အာဏာသိမ်း စစ်ကောင်စီရဲ့ လက်အောက်မှာ ဆက်လက်တာဝန် ထမ်းဆောင်နေပြီး CDM ဝန်ထမ်းတွေကို ဖိအားပေးတာ၊ ခြိမ်းခြောက်တာ၊ ရာထူးမှထုတ်ပယ်တာ၊ ဝန်ထမ်းအဖြစ်မှထုတ်ပစ်တာ၊ တရားစွဲဆိုတာတွေနဲ့ ဥပဒေနဲ့အညီ ပြန်ဆပ်ရန်မလိုတော့တဲ့ လစာ ချေးငွေတွေကို အတင်းအဓမ္မ ပြန်လည်ပေးဆပ်ခိုင်းတာတွေစတဲ့ အမျိုးမျိုးသော ဖိနှိပ်မှုတွေကို ကျူးလွန်နေတဲ့ “စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (စိုက်ပျိုးရေးဦးစီးဌာန)” က ဖော်ပြပါ ဝန်ထမ်းတွေကို အမည်ပျက်စာရင်းသွင်းလိုက်ပြီး ဝန်ထမ်းအဖြစ်မှ ထုတ်ပစ် (Dismiss) လိုက်တယ်လို့ ဖော်ပြထားတာပါ။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှစတင်ကာ စစ်ကောင်စီက နိုင်ငံတော်အာဏာကို သိမ်းယူခဲ့တဲ့ ကာလဟာ ၁ နှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။
ဒီကာလတွေအတွင်း နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပြည်သူတွေ မြို့ရွာအနှံ့ ပါဝင်နေခဲ့ကြပြီး စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ပစ်ခတ်နှိမ်နင်းမှုတွေနဲ့ ကျဆုံးမှုတွေ၊ ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုခံရတာတွေနဲ့အတူ အခြေအနေတွေ ပိုမိုတင်းမာလာနေတာပါ။
အမျိုးသားညီညွတ်ရေးအစိုးရကတော့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၇ ရက်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ခုခံတွန်းလှန်စစ် စတင်ကြောင်းနဲ့ မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်အုပ်ချုပ်ရေးကို လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ ကြေညာခဲ့ပြီး နိုင်ငံတဝန်း စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ ထုတ်ပြန်ချက်အရ လက်ရှိအချိန်ထိ စစ်တပ်က အကြမ်းဖက်ပစ်ခတ် သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူ ၁,၉၀၀ ကျော်နဲ့ မတရား ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၄,၀၀၀ ကျော် ရှိခဲ့ပြီလို့ သိရပါတယ်။