နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပေါ်စွဲဆိုထားတဲ့ ရဟတ်ယာဉ်နဲ့ပတ်သက်တဲ့ အဂတိအမှုတွေအတွက် ဇွန် ၆ ရက်က ဆက်လက် ရုံးထုတ် စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။
ဒီနေ့ရုံးချိန်းမှာ တရားလိုဦးအောင်ခန့်ကိုပဲ စွပ်စွဲခံရသူတွေရဲ့ ရှေ့နေတွေက အပြန်အလှန် ဆက်လက် စစ်မေးခဲ့ပေမဲ့ ဒီနေ့ရုံးချိန်းထိ ရဟတ်ယာဉ်၀ယ်ယူမှုနဲ့ပတ်သက်တဲ့ အစိုးရနဲ့ ကုမ္ပဏီကြားစာချုပ်စာတမ်းတွေကို မတင်ပြနိုင်တဲ့အတွက် အပြန်လှန်စစ်မေးတာကို ရပ်နားပြီး နောက်ရုံးချိန်းကို ထပ်မံချိန်းဆိုလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဒုက္ခရောက်နေတဲ့ ပြည်သူလူထုအတွက် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်တာမှာ အသုံးပြုဖို့ ရဟတ်ယာဉ်တစီးဝယ်ယူအသုံးပြုတာ၊ ငှားရမ်းတာ၊ သက်တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာ၀င်းမြတ်အေးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။
ရုံးချိန်းကို လာရောက်တဲ့ နိုင်ငံတော်သမ္မတဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ ကျန်းမာရေးကောင်းမွန်တယ်လို့လည်း အဆိုပါတရားရုံးနဲ့ နီးစပ်သူက ဆိုပါတယ်။