ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်၊ ညောင်ကုန်းကျေးရွာမှာ ဇွန် ၄ ရက် ညပိုင်းက ဖဲဝိုင်းမှာ ရန်ဖြစ်ရာကနေ လေးလောင်းပြိုင်လူသတ်မှု ဖြစ်ပွားခဲ့တယ်လို့ ပေါက်ခေါင်း ဒေသခံတွေထံက သိရပါတယ်။
ဆွေမျိုး သုံးယောက်ကဘက် သူငယ်ချင်း နှစ်ယောက်က တဘက် စုစုပေါင်းအမျိုးသား ငါးယောက် အပြိုင်ဓားနဲ့ ခုတ်ကြတာဖြစ်ပြီး လေးယောက်သေဆုံးကာ တယောက်ကတော့ လွတ်သွားတယ်လို့ သိရပါတယ်။
ပေါက်ခေါင်းနာရေးကူညီမှုအသင်းတာဝန်ရှိသူတဦးက “ဖဲဝိုင်းမှာ ရန်ဖြစ်ကြတာ၊ ဖဲရှုံးလို့မဲပြီးဖြစ်တာ မနေ့ ညက ၁၀ နာရီကျော်လောက်မှာဖြစ်တာ၊ ညကတည်းက ပေါက်ခေါင်းရဲစခန်းကို အကြောင်းကြားထားတာ။ မနက်ကျမှ နာရေးကူညီမှုအသင်းကို အကူအညီတောင်းလို့ အလောင်းလာကောက်ပေးရတာ။ အကုန်လုံးက ဓားဒဏ်ရာတွေနဲ့ တူ၀ရီးသားအဖ သုံး ယောက်ကတဘက်၊ နောက်တဘက်က သူငယ်ချင်း နှစ်ယောက်၊ သေတာက လေးယောက်၊ လေးယောက်လုံးက ခေါင်းပြတ်ရှဒဏ်ရာ ဗိုက်ပွင့်၊ လက်တွေ ရင်ဘတ်တွေနေရာ အစုံလောက်မှာ ဓားဒဏ်ရာတွေနဲ့ သေနေကြတာ၊”လို့ပြောပါတယ်။
အသက်မသေဘဲ ဓားဒဏ်ရာတွေနဲ့ထွက်ပြေးသွားသူကိုတော့ ရဲတပ်ဖွဲ့က လိုက်လံ ဖမ်းဆီးနေပြီး ရွာမှာရှိတဲ့ သူ့အိမ်ကမိသားစုတွေကိုလည်း စစ်ဆေးနေပါတယ်။ သေဆုံးသွားသူတွေရဲ့ အမည်တွေကိုတော့ အသေးစိတ် မသိရသေးပါဘူး။
လတ်တလော သေဆုံးသူတွေရဲ့ အလောင်းတွေကို ပေါက်ခေါင်း ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ပို့ပေးလိုက်ရတယ်လို့ ပေါက်ခေါင်းနာရေးကူညီမှုအသင်းထံကသိရပါတယ်။
သေဆုံးသွားတဲ့ တူဝရီး သားအဖ သုံးယောက်ကို ပေါက်ခေါင်းသုသာန်မှာ သင်္ဂြိုဟ်မှာဖြစ်ပြီး၊ ကျန်တဲ့ အလောင်းတလောင်းကတော့ ညောင်ကုန်း သုသာန်မှာ သင်္ဂြိုဟ်မှာ ဖြစ်ပါတယ်။
အဆိုပါ လူသတ်မှုနဲ့ ပတ်သက်ပြီး ပေါက်ခေါင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဖုံးမကိုင်ခဲ့ပါဘူး။
ညောင်ကုန်းကျေးရွာက ပေါက်ခေါင်းမြို့ကနေ ပဲခူးရိုးမပေါ်ကိုသွားတဲ့ ခရိုင်ချင်းဆက်လမ်းပေါ် မှာရှိတဲ့ ကျေးရွာဖြစ်ပြီး ပေါက်ခေါင်းမြို့ကနေ ၉ မိုင်လောက် ဝေးပါတယ်။