ပဲခူးတိုင်း ပြည်မြို့မှာ လူမှုကွန်ရက်အသုံးပြုမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ ဖမ်းဆီးတာခံခဲ့ရတဲ့ ကျောင်းသူတွေထဲက တချို့အခုရက်ပိုင်းအတွင်း ပြန်လည်လွတ်လာကြပြီး အများစုက ကျောင်းပြန်တက်ဖို့အတွက် လက်မှတ်ထိုးခဲ့ရတယ်လို့ မြို့ခံတွေထံက သိရပါတယ်။
ပြီးခဲ့တဲ့မေလထဲမှာ အဖမ်းခံခဲ့ရပြီး ပြန်လွတ်လာတဲ့ ကျောင်းသူ တယောက်ရဲ့မိခင်က “ ကျမသမီးလေးကို လာဖမ်းတုန်းက နောက်ဖေးက ထွက်ပြေးတာလွတ်သွားတယ်။ ဒါပေမဲ့ သမီးကိုမတွေ့တော့ ကျမလိုက်သွားရတာ။ အိမ်မှာက အငယ်လေးတယောက်ကျန်နေခဲ့တာ၊။ နောက်တော့ သူ့ဦးလေးကို အကူအညီတောင်းပြီးသမီးကို လာအပ်တော့မှ ကျမပြန်လွတ်လာတာ။ သမီးကစစ်ကြောရေးမှာ တပတ်လောက်ကြာသွားတယ်။ ပထမတော့ ပိုက်ဆံနဲ့ညှိရမယ်လို့ ကြားလူတယောက်ကပြောသေးတယ်။ နောက်တော့ နိုင်ငံခြားအရက် ဈေးကြီးကြီး ၂ လုံးသွားကန်တော့လိုက်တာ အဆင်ပြေသွားတယ်။ ဒါပေမဲ့ သမီးက တတိယနှစ်ကျောင်းသူ ဖြစ်တော့ ကျောင်းပြန်တက်ပါမယ်ဆိုပြီး လက်မှတ်ထိုးခဲ့လိုက်ရတယ်။ အခုတော့ကျောင်းအပ်ပြီးသွားပါပြီ” လို့ပြောပါတယ်။
ပြည်မြို့နယ်မှာ NUG၊ PDF တွေနဲ့ ပတ်သက်လို့ ဖေ့စ်ဘွတ်ခ်ပေါ် ပို့စ်တင်တာ Like လုပ်တာ၊ Share တာ comment ပေးတာတွေနဲ့ ပတ်သက်ပြီး ဒေသခံ ပြည်သူတွေကို စစ်ကောင်စီတပ်တွေ လိုက်လံဖမ်းဆီးနေတာဖြစ်ပါတယ်။
ပြည်စစ်ကြောရေးမှာ ကျောင်းသူ ၅ ယောက်ကိုတွေ့ခဲ့ပြီး ၄ ယောက်ပြန်လွတ်လာကြောင်း တယောက်က ၁၀ တန်းကျောင်းသူ ကျန် ၃ ယောက်က တက္ကသိုလ်ကျောင်းသူတွေဖြစ်ပြီး၊ သူတို့တတွေအားလုံး ကျောင်းပြန်တက်ဖို့လက်မှတ်ထိုးခဲ့ရတယ်လို့ ပြန်လွတ်လာသူတဲ့ ကျောင်းသူရဲ့ မိခင်ကပြောပါတယ်။
ပြီးခဲ့တဲ့မေလကပဲ ပြည်မြို့ မြို့ပေါ်ရပ်ကွက်နေ ကျောင်းသူတယောက် ဖေ့ဘွတ်ခ်ပေါ် ပို့စ်တခု Share ရှယ်မိတာကြောင့်အဖမ်းခံရပြီး တပတ်လောက် စစ်ဆေးမေးမြန်းခံခဲ့ရကာ ပြန်လွတ်လာ လို့ ကျောင်းပြန်တက်တာတွေ့ရကြောင်းနဲ့ တခြားမိန်းကလေး ၄ ယောက်လည်း ကျောင်းပြန်တက်လာတာကိုတွေ့ရတယ်လို့ ပြည်တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဟောင်း တယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ မေ ၁၄ ရက်နဲ့ ၁၅ ရက်ကလည်း ကံမမြို့က ကျောင်းသူ ၂ ယောက် PDF တပ်ဖွဲ့ဝင် ၂ ယောက်နဲ့ အွန်းလိုင်းကနေ သမီးရည်းစားဖြစ်ခဲ့မှုနဲ့ ဖမ်းဆီးခံရပါတယ်။
မေလ ၂၈ ရက်ကလည်း ပေါင်းတလည်မြို့နေ ၈ တန်းကျောင်းသူတယောက်ကို ဖေ့စ်ဘွတ်ခ် ပို့စ် Share မှုနဲ့ စစ်ကောင်စီက ဖမ်းဆီးထားပြီး သူတို့တတွေကတော့ ခုအချိန်အထိ ပြန် လွတ်မြောက်မလာသေးဘူးလို့ ဒေသခံတွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ ၁ လ အတွင်းမှာပဲ ပြည်မြို့နယ်ထဲကနေ အမျိုးသမီးငယ် ၁၀ ယောက်ထက်မနည်း အဖမ်းခံထားရပြီး တချို့ပြန်လွတ်လာကာ တချို့ပြန်မလွတ်သေးဘူးလို့ ပြည်မြို့ခံတွေက ပြောပါတယ်။