မြန်မာပြည်တွင်း ရှမ်းပြည်နယ် မိုင်းပြင်းမြို့နယ်နဲ့ ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ်မှ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တွေ လှုပ်ခတ်သွားတယ်လို့ မိုးဇလဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ဇွန် ၅ ရက် မြန်မာစံတော်ချိန်မနက်အစောပိုင်း ၁ နာရီ၊ ၂၃ မိနစ်၊ ၃၄ စက္ကန့် လောက်က ကျိုင်းတုံမြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၃၇ မိုင်ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း မိုင်းပြင်းမြို့ရဲ့ အရှေ့မြောက်ဘက် မိုင် ၂၀ ခန့်အကွာကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၃ ဒသမ ၈ အဆင့်ရှိ မြေငလျင်လှုပ်သွားတာလို့ဆိုပါတယ်။
ဒါ့အပြင် ဇွန် ၅ ရက် (၀၀)နာရီ၊ ၀၂ မိနစ်၊ ၄၃ ကလည်း ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၂၉ မိုင်ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း ညောင်တုန်းမြို့ရဲ့ အရှေ့-အရှေ့မြောက်ဘက် ၉ မိုင်အကွာကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး ၄ ဒသမ ၂ အဆင့်ရှိ မြေငလျင်တစ်ခုလှုပ်သွားတယ်လို့လည်း မိုးဇလက ထုတ်ပြန်ပါတယ်။
အဆိုပါ ငလျင်တွေ လှုပ်ခတ်မှုနဲ့ ပတ်သက်ပြီး ထိခိုက်ပျက်စီးမှု သတင်းတွေကတော့ မကြားသိရ သေးပါဘူး။