မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝီယော်ကျေးရွာရှိ စစ်ကောင်စီရဲ့ ဝီယော်တပ်စခန်းကို ဇွန် ၃ ရက် ညနေပိုင်းမှာ KNLA ပူးပေါင်းအဖွဲ့က သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ ကေအန်ယူ တပ်မဟာ(၁) တာဝန်ရှိသူတွေက ပြောပါတယ်။
ဝီယော်တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၁) တပ်ရင်း(၂) ၊ သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးအင်အားစု(TPDF)၊ ဘီးလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) ပူးပေါင်းအဖွဲ့က လက်နက်ကြီး ၊လက်နက်ငယ်နဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က အနည်းဆုံး ၅ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ပြီး KNLA ပူးပေါင်းအဖွဲ့က အထိအခိုက် တစ်စုံတစ်ရာ မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ကေအန်ယူ တပ်မဟာ(၁) ဗဟိုအလုပ်မှုဆောင်အဖွဲ့ တယောက်က ပြောပါတယ်။
ဝီယော်တပ်စခန်းဟာ တပ်အင်အား ၃၀ လောက်နဲ့ အထိုင်ချထားတဲ့ ရှေ့တန်း တပ်စခန်း တစ်ခုဖြစ်ပါတယ်။ စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရပြီးနောက် ဇွန် ၄ ရက်မှာ စစ်ကောင်စီဘက်က တပ်အင်အားတွေ ထပ်မံဖြည့်းတင်းလာတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂ ရက်ကလည်း သထုံမြို့နယ် ထုံးဘိုလေးကျေးရွာထဲကို တပ်အင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ(၉) က ဒုတပ်ရင်းမှူး တယောက် စနိုက်ပါထိ သေဆုံးခဲ့ပြီး စစ်ကောင်စီ ဗိုလ်ကြီး တယောက်နဲ့ ဆေးတပ်ကြပ်ကြီး တယောက်ကို KNLA ပူးပေါင်းအဖွဲ့က အရှင်ဖမ်းမိထားပါတယ်။