ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ မိုးအဆက်မပြတ် ရွာသွန်းတာကြောင့် ကိုရီးယားဆိပ်ကမ်း (BXT) အနီး ကျပ်သိန်းပေါင်းထောင်ချီ အကုန်ကျခံ အသစ်ဆောက်ထားတဲ့ ယာယီပျံကျစျေးကြီးမှာ ဇွန် ၃ ရက် မနက်ပိုင်းက ရေ ၁ ပေခွဲလောက်အထိ နစ်မြုပ်ခဲ့တယ်လို့ စျေးရောင်းချနေသူတွေက ပြောပါတယ်။
စျေးရောင်းသူတဦးက “ရေစီးရေလာစနစ်တွေ မကောင်း၊ ရေက မစီးဆင်းနိုင်တော့ ရေနစ်တာပေါ့။ အိမ်သာမှာက ရေမြောင်းကလည်း တိုက်ရိုက် မြစ်ထဲကိုမချဘူး။ စျေးပတ်လည်လုပ်ထားတဲ့ ရေမြောင်းကနေ ချထားတော့ အနံ့အသက်တွေက ဆိုးတယ်။ ခြင်ကိုက်လို့ ထိုင်နေလို့တောင် မရဘူး။ စျေးလာဝယ်သူတွေလည်း နည်းလာတယ်”လို့ ပြောပါတယ်။
အခုလို ရေနစ်မြုပ်ရတာဟာ ဈေးမှာပြုလုပ်ထားတဲ့ ရေစီး၊ ရေဆင်းမြောင်းတွေ မကောင်းတာကြောင့် ဖြစ်သလို မိလ္လာရေတွေကြောင့် အနံ့ဆိုးတွေထွက်နေတယ်လို့ စျေးရောင်းချနေသူတွေ အခက်တွေ့နေကြတာပါ။
ပြီးခဲ့တဲ့လကလည်း အဲဒီယာယီစျေးရှိ ခေါင်မိုးရေဆင်းပိုက်မှ မိုးရေတွေ ဒလဟောစီးပြီး ဆိုင်ခန်းအောက် ပစ္စည်းသိုလှောင်ခန်းတွေထဲ ရေတွေဝင်ကုန်လို့ ဈေးသည်တွေရဲ့ ကုန်ပစ္စည်းတွေ ပျက်စီးဆုံးရှုံးခဲ့ပါသေးတယ်။
စျေးသည်တဦးက “မိုးယိုတာကိုတော့ လာပြင်ပေးတယ်။ ဒါပေမဲ့ နောက်ထပ်မိုးယိုသလား ဆိုတာကို ဒီနေ့အထိ လာမကြည့်ဘူး။ မိုးက ယိုနေဆဲ။ အခု ရေက နစ်မြုပ်လာတော့ ဒီစျေးမှာ ဘယ်လိုရောင်းချရမလဲ မသိတော့ပါ” လို့ ဆိုပါတယ်။
ယာယီပျံကျစျေးကို အဆောင်အတွဲ ၁၀ တွဲနဲ့ တည်ဆောက်ထားပြီး ၆ ပေပတ်လည်ဆိုင်ခန်း ၅၇၆ ခန်းရှိကြောင်း စျေးကော်မတီဝင်တွေထံက သိရပါတယ်။
Photo-Thein Shwe Moe