တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်းမှာ စစ်ကောင်စီ တပ်သားတွေနဲ့ ပျူစောထီး အဖွဲ့ဝင်တွေက အကြမ်းဖက်သတ်ဖြတ်မှုတွေနဲ့ ဓားပြတိုက်မှုတွေ ဆက်လက်လုပ်ဆောင်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ အထူးဂရုစိုက် သွားလာနေထိုင်ကြဖို့နဲ့ အဖိုးတန်ပစ္စည်းတွေကိုလည်း သေချာစွာ သိမ်းဆည်းထားဖို့ လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
ဇွန် ၂ ရက်က ထုတ်ပြန်သတိပေးလိုက်တာဖြစ်ပြီး စစ်ကောင်စီနဲ့ လက်အောက်ခံ ပျူစောထီးအဖွဲ့တွေက အဲဒီလုပ်ရပ်တွေကို ဆက်တိုက်ကျူးလွန်လာတဲ့အတွက် အခုလို ထုတ်ပြန်လိုက်တာဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတဉီးက ပြောပါတယ်။
အခုလို ဓားပြတိုက်မှုဖြစ်စဉ်တွေဟာ တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေကြား ထင်ယောင်ထင်မှားဖြစ်အောင် အကြမ်းဖက်လုပ်ရပ်တွေနဲ့ စစ်ကောင်စီက ဖန်တီးထားတာဖြစ်ပြီး ပြည်သူတွေဘေးကင်းဖို့ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကနေ ကာကွယ်ပေးနိုင်အောင် အကောင်းဆုံး တုံ့ပြန်ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
လောင်းလုံးမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ မေလက ဓားပြတိုက်မှု ၂ ကြိမ်ဖြစ်ပွားခဲ့သလို ဇွန် ၁ ရက်ကလည်း ရာဟောင်းဝကျေးရွာမှာ ဓားပြတိုက်မှုတခု ဖြစ်ပွားခဲ့ပြီး ငွေသား သိန်း ၁၇၀ ကျော်နဲ့ ရွှေထည်တွေ ဆုံးရှုံးသွားတယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။