ထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှုကြောင့် ၂ နှစ်ကျော်ပိတ်ထားခဲ့ရတဲ့ စာသင်ကျောင်းတွေကို ဒီလ ၁၇ ရက်က စတင်ဖွင့်လှစ်ခဲ့ရာမှာ မြန်မာကလေးတွေ ထိုင်းစာထိုင်းစကား မေ့လျော့သွားလို့ သင်ကြားမှုပုံစံနဲ့ သင်ရိုးညွှန်းတန်းပြင်ဆင်ခဲ့ရပါတယ်။
ကျောင်းပိတ်ချိန် ၂ နှစ်ကာလအတွင်း ကျောင်းသူ ကျောင်းသားတွေဟာ အွန်လိုင်းကတဆင့် မိမိနေအိမ်ကနေ သင်ယူခွင့်ရပေမဲ့ စာသင်ကျောင်းမှာလူကိုယ်တိုင် သွားရောက် သင်ကြားခွင့်ကတော့ အခုမှ ရရှိတာဖြစ်ပါတယ်။
ကျောင်းပြန်ဖွင့်တော့ ထိုင်းကလေးတွေအနေနဲ့ ပုံမှန်သင်ယူနိုင်ပေမယ့် နယ်စပ်က မြန်မာနဲ့ တိုင်းရင်းသားကလေးတွေကတော့ ထိုင်းစာနဲ့ ထိုင်းစကားနောက်ကျသွားကြောင်း ၊ အထူးသဖြင့် တာ့ခ်ခရိုင် မဲဆောက်၊ ဖုပ်ဖရ၊ ထာ့ဆောင်ယန်း၊ မယ်လမတ်နဲ့ အုန်းဖန်စတဲ့ ၅ မြို့နယ်ရှိ စာသင်ကျောင်းပေါင်း ၁၁၆ ကျောင်းမှ ကျောင်းသူကျောင်းသား ၅၀,၀၀၀ ကျော်မှာ ကိုဗစ်- ၁၉ ကြောင့် ပညာရေးနှောင့်နှေးသွားရတယ်လို့ ချနယ်လ် ၃ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။
မဲဆောက်မြို့၊ ထာ့ဆိုင်လွတ်ရပ်ကွက်ရှိ ထာ့အတ်အခြေခံပညာအလယ်တန်းကျောင်းမှာ ကျောင်း သားဦးရေ ၆၈၀ ရှိပြီး ထိုင်းကလေး ၃၅ ဦးသာရှိကာ ကျန်တာကတော့ မြန်မာနဲ့ တောင်ပေါ် တိုင်းရင်းသားကလေးတွေဖြစ်ကြောင်း၊ အများစုကလည်း အထောက်အထားမဲ့ နိုင်ငံမဲ့ကလေးတွေ ဖြစ်တယ်လို့ ကျောင်းအုပ်ဆရာကြီး ကစ္စနဖန်း ချလိုမ်ဝိဆွတ်ကွန်းက ပြောပါတယ် ။
ဆရာမတစ်ဦးကလည်း အဆိုပါကလေးတွေအတွက်တော့ မိခင်ဘာသာစကားက ပထမဖြစ်ပြီး ထိုင်းဘာသာစကားက ဒုတိယဖြစ်နေကြောင်း၊ ၂ နှစ်တာ ကျောင်းပိတ်ချိန်တွေမှာ အိမ်ကမိသားစုအသိုင်းအဝိုင်းတွေနဲ့ မိခင်ဘာသာကိုသာပြောဆိုတာကြောင့် အခုလိုကျောင်းပြန်ဖွင့် တော့ ထိုင်းစကားတွေ မေ့နေလို့ သင်ကြားမှုပုံစံပြောင်းနေရတယ်လို့ ဆိုပါတယ်။
တာ့ခ်ခရိုင် နယ်မြေ - ၂ အခြေခံပညာဦးစီးမှူး နိုင်းပိဆစ် ဦဒုမ်းဝုန်းကလည်း တာ့ခ်ခရိုင်ဟာ နယ်စပ်ဖြစ်တဲ့အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းတင်းကျပ်ခဲ့ရကြောင်း ၊ ဒါကြောင့် ကျောင်းသူကျောင်းသားတွေဟာ ၂ နှစ်လုံးလုံးစာသင်ခန်းနဲ့ ဝေးကွာခဲ့ရကြောင်း၊ ဒီအတွက် ပညာရေးနှောင့်နှေးမှုမဖြစ်စေဖို့ သင်ရိုးညွှန်းတမ်းအသစ်ကို အရေးပေါ် ပြင်ဆင်ရေးဆွဲအသုံးပြုရ မယ်လို့ ပြောပါတယ်။
ခရိုင်ထဲမှာ ကျောင်းစဖွင့်တဲ့ တစ်ပတ်အတွင်း ကိုဗစ်-၁၉ ကူးစက်တဲ့ ကလေးတွေမရှိကြောင်း ၊ ရောဂါကာကွယ်ရေးတွေ ဆက်လက်လုပ်ဆောင်ပြီး နယ်စပ်ဂိတ်တွေပြန်ဖွင့်ရင် မြန်မာဘက်ခြမ်းက ကလေးတွေလည်း နေ့ချင်းပြန်ကျောင်းလာတက်လိမ့်မယ်လို့ ပညာရေးမှူးက ပြောပါတယ်။