မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ကျော်ကာလ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် နိုင်ငံတဝန်းအပြစ်မဲ့ ကျဆုံးပြည်သူ ၁,၈၇၄ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၃,၈၉၄ ယောက်ထိရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ မေ ၃၀ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြ ထားပါတယ်။
နွေဦးတော်လှန်ရေး ကာလအတွင်း ဒီနေ့အထိ ၁၀,၈၄၁ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၀၈၆ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။
ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၇၂ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။
ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁,၉၇၉ ယောက်ထဲက မျက်ကွယ် သေဒဏ်ချမှတ်ခြင်း ခံထားရသူ ၄၁ ယောက် အပါအဝင် အယောက် ၁၂၀ ကတော့ မျက်ကွယ်ပြစ်ဒဏ် ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၁၃ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ဒါ့အပြင် အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် ဧပြီလကုန်ထိ အကြမ်းဖက်စစ်အုပ်စုက မတရား ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရတဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၅၇၀ ထက်မနည်းရှိခဲ့တယ်လို့လည်း အေအေပီပီက ဆိုပါတယ်။
မေ ၂၈ ရက်ည ၈ နာရီဝန်းကျင်လောက်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ တာဟန်းရပ်ကွက်မှာ အကြမ်းဖက်စစ်အုပ်စုတပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်ထိမှန်ခဲ့တာကြောင့် စစ်ဘေးရှောင် ၂ ယောက် နဲ့ အရပ်သား ၁ ယောက်ကျဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။ စစ်ဘေးရှောင် ၂ ယောက်ကတော့ မင်းကင်းမြို့ကနေ ကလေးမြို့ကို စစ်ဘေးရှောင်လာတဲ့ ဒေါ်နီနီအေးနဲ့ သူ့ရဲ့ သားဖြစ်သူ ကိုဘုန်းမြတ်ဦးတို့ဖြစ်ပြီး ကျန်တယောက်ကတော့ အရပ်သား တယောက်ဖြစ်သူ Pi Mc Vanlalawmpuii ဖြစ်ကာ သူကတော့ မေ ၂၉ ရက်မနက် ၁ နာရီမှာ ကျဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ဘလဘကျေးရွာအနီးမှာ မေ ၂၇ ရက်ညနေ ၄ နာရီအချိန်လောက်က အကြမ်းဖက်စစ်အုပ်စုတပ်က ကွေ့ထောင့်ကျေးရွာသား ၂ ယောက်ဖြစ်တဲ့ ကိုသန်းဇော်နဲ့ ကိုသန်း ဇော်အောင်တို့ကို ဆိုင်ကယ်အတူစီးတယ်ဆိုကာ ပစ်သတ်ခဲ့ကြောင်း သိရှိရပြီး သူတို့ရဲ့ ရုပ်အလောင်းတွေကို မီးရှို့ခဲ့ကြောင်း သိရှိရပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။
ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်း ကြားနိုင်ကြောင်း အသိပေးထားပါတယ်။