Home
မြန်မာသတင်း
ပထမဦးဆုံး မွန်အမျိုးသားကောလိပ် ဖွင့်လှစ်မည်
DVB
·
May 30, 2022
281827977_1890797271251199_7526120411556337116_n

ပထမဦးဆုံးသော မွန်အမျိုးသားကောလိပ်ကို လာမယ့် ဇွန်လအတွင်း စတင် ဖွင့်လှစ်တော့မယ်လို့ မွန်အမျိုးသားပညာရေး ကော်မတီ MNEC  တာဝန်ရှိသူတွေက  ပြောပါတယ်။

မွန်အမျိုးသားကောလိပ် ဖွင့်လှစ်ဖို့အတွက် ပြီးခဲ့တဲ့ မေလ တတိယအပတ်က အွန်လိုင်းကနေ ဝင်ခွင့်လျှောက်လွှာခေါ်ယူခဲ့ပြီး လျှောက်ထားသူ ၃၀၀ ကျော်ကို မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ မွန်ပညာရေးဌာန ဗဟို(ညီစား)နဲ့ မြို့နယ်ဆက်ဆံရေးမှူးတွေမှာ အရည်အချင်း စစ်ဆေးခဲ့တာပါ။

ဒါပေမဲ့ နေရာအခက်အခဲကြောင့် မွန်အမျိုးသားကောလိပ် ပထမနှစ်သင်တန်းကို ကျောင်းသူ၊ကျောင်းသား ၁၀၀ လောက်နဲ့ စတင်ဖွင့်လှစ်သွားဖို့ ပြင်ဆင်ထားတယ်လို့ မွန်အမျိုးသားပညာရေး ကော်မတီ MNEC ပရိုဂမ် မန်နေဂျာ မင်းအောင်ဇေက ပြောပါတယ်။

မွန်အမျိုးသားကောလိပ်မှာ ခေါင်းဆောင်မှုစွမ်းရည်မြှင့်တင်မှုနဲ့ စီမံခန့်ခွဲမှုဘာသာရပ်၊ ဆရာ့အတတ်သင်ဘာသာရပ်၊ သတင်းမီဒီယာဘာသာရပ်၊ မွန်ဘာသာရပ်တို့ကို သင်ကြားပေးဖို့ စီစဉ်ထားပါတယ်။

ဒါ့အပြင် မဖြစ်မနေသင်ယူရမယ့် ဘာသာရပ်တွေမှာတော့ မွန်ယဉ်ကျေးမှုဆိုင်ရာဘာသာရပ်၊ အင်္ဂလိပ်စာ၊ ကွန်ပျူတာ၊ မွန်သမိုင်း၊ ကမ္ဘာ့လူမှုရေးဘာသာရပ်၊ လူ့အခွင့်အရေးဆိုင်ရာဘာသာရပ်၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာဘာသာရပ်၊ သုတေသနပြုဘာသာရပ်နဲ့ ယုတ္တိဗေဒဘာသာရပ်တို့ ပါဝင်ပါတယ်။

မွန်အမျိုးသားကောလိပ်ဟာ မွန်လူမျိုးတွေ အင်္ဂလိပ်စာ ကောင်းမွန်လာစေရေး၊ နိုင်ငံတကာမှာ ပညာသင်ယူနိုင်ရေး၊မွန်စာပေပညာရှင်တွေ ပေါ်ထွန်းရေးနဲ့ စာသင်ကြားမယ့် ကျောင်းဆရာ၊ဆရာမတွေစတဲ့ လူ့စွမ်းအားအရင်းမြစ်ကောင်းတွေကို မွေးထုတ်ပေးနိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

မွန်အမျိုးသားကောလိပ်မှာတော့ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်ဆိုပြီး သုံးနှစ်တာ ပညာသင်ကြားရမှာဖြစ်ပြီး သင်တန်းပြီးနောက် လုပ်ငန်းအတွေ့အကြုံရဖို့အတွက် ၂ နှစ် ပြန်လည် တာဝန်ထမ်းဆောင်ပေးရမှာ ဖြစ်ပါတယ်။

မွန်အမျိုးသားပညာရေးကော်မတီ (MNEC)မှာ မွန်အမျိုးသားကောလိပ်အပြင် မွန်အမျိုးသားစာသင်ကျောင်းပေါင်း ၁၄၀ ကျော်ရှိနေတာ ဖြစ်ပြီး ကျောင်းသား၊ကျောင်းသူပေါင်း ၂၀၀၀၀ နီးပါး တက်ရောက်သင်ကြားနေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024