စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီ(ကယား)ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၁ ခု မေလကစပြီး တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ရာ လူထုသိန်းချီပြီး ထွက်ပြေးတိမ်းရှောင်နေရသလို အခုချိန်အထိလည်း လူမှုစီးပွားဘဝတွေ ပျက်စီးကုန်ပြီး စားနပ်ရိက္ခာအကူအညီ ဆက်လက်ပံ့ပိုးဖို့ လိုအပ်နေတယ်လို့ ကရင်နီလူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။
ကရင်နီပြည်နယ်ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေနဲ့ပတ်သက်ပြီး လူမှုအဖွဲ့အစည်းတွေက ဒီနေ့ မေ ၃၀ ရက် အွန်လိုင်းကနေ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ လူမှုအဖွဲ့အစည်းတွေက ထည့်သွင်းပြောဆိုတာ ဖြစ်ပါတယ်။
ကရင်နီ လူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ကိုဗညားက “ကျနော်တို့ လူမှုစီးပွားဘဝတွေ ပျက်သုဉ်းသွားတယ်။ တချိန်တုန်းက ကိုယ့်အိုးကိုယ့်အိမ်နဲ့ တအားချမ်းသာတဲ့ ပုံစံမဟုတ်ရင်တောင်မှာ လုပ်ကိုင်စားသောက်ဖို့အတွက် မြေယာပေါ်မှာ လုပ်ကိုင်စားသောက်တဲ့ လူတွေ ရှိတယ်။ စီးပွားရေးပုံစံမျိုးနဲ့ လည်ပတ်နိုင်တဲ့ အခြေအနေကနေ အိုင်ဒီပီကို ကျနော်တို့ ရောက်ရှိသွားတဲ့ အခြေအနေမှာ သေချာတာကတော့ ကျနော်တို့ စားဖို့သောက်ဖို့အတွက်ကတော့ အခက်အခဲရှိပါတယ်။ ဒါကြောင့် ကျနော်တို့ ပြောလိုတာက ဒီစားနပ်ရိက္ခာ ထောက်ပံ့မှုဟာ ကျနော်တို့ ပြည်နယ်မှာ အရမ်းလိုအပ်နေပါသေးတယ်။ တခြားတဖက်မှာ ကျနော်တို့ ပြန်သုံးသပ်ကြည့်ရင် ကျနော်တို့ ပြည်နယ်ရဲ့ ဆန်ထုတ်လုပ်နိုင်မှုက အဓိက ကျနော်တို့ ဒီ ဖရူဆိုအစ ဒီးမော့ဆိုကနေ မိုးဗြဲအထိ ရှိပါတယ်။ အခု အဲဒီဧရိယာက အရင်နှစ်ကလည်း အဲလောက်အထိ မစိုက်ပျိုးနိုင်ဘူး။ ဒီနှစ်ဆိုရင်လည်း ထွက်ယက်နိုင်တဲ့ အခြေအနေမရှိတာကို တွေ့ရတယ်။ အနည်းအကျဉ်းလောက်ပဲ တွေ့ရတယ်။ ဧက တသိန်းနီးပါးရှိတဲ့ ကျနော်တို့လယ်မှာ မနှစ်က သေချာ စိုက်ပျိုးနိုင်ခြင်း မရှိသေးဘူး။ အရင်နှစ်ကလည်း မစိုက်ပျိုးနိုင်ဘူး။ အဲတော့ ကျနော်တို့ ပုံမှန်ဆိုရင် အဲဒီဧရိယာမှာ ထွက်တဲ့စပါးက ကျနော်တို့ ပြည်နယ်ရဲ့ ၆ လစာအတွက် ဖူလုံလေ့ရှိပြီးတော့မှ တောင်ယာကတော့ အထွက်သိပ်မကောင်းဘူးပေါ့နော်။ အဲဒီအပြင်ကနေ ပြည်မကနေ ဆန်တွေကို ကျနော်တို့ ပြည်နယ်ကို ပြန်ပို့တဲ့ဆန်တွေရှိပါတယ်။ အခုအခြေအနေက ဘာလဲဆိုရင်တော့ စားနပ်ရိက္ခာက အစကတည်းက မသေချာတဲ့ အခြေအနေကနေ အခုဆိုရင် ပိုပြီးတော့မှ စိုက်ပျိုးနိုင်တဲ့ အခြေအနေမရှိတဲ့အတွက်ကြောင့်မို့လို့ အခုလည်း စိုက်ပျိုးနိုင်ခြင်း မရှိတဲ့အတွက် ကျနော်တို့ လူသားချင်းစာနာထောက်ထားမှု အဓိက စိန်ခေါ်မှုတခုကတော့ စားနပ်ရိက္ခာဖြစ်တယ်ဆိုတာ အားလုံး သိအောင် ကျနော် ပြောပြချင်တာဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဒါအပြင် လက်ရှိ စစ်ဘေးဒုက္ခသည်တွေ သွားရောက် ခိုလှုံနေတဲ့နေရာဟာ အရင် ဦးသိန်းစိန်အစိုးရ၊ ဒေါင်အောင်ဆန်းစုကြည် အစိုးရလက်ထဲမှာကတည်းက ကျန်းမာရေး စောင့်ရှောက်မှု အားနည်းနေတဲ့နေရာဖြစ်ပြီး ဆေးရုံဆေးခန်းမရှိသလို ဝန်ဆောင်မှု ပစ္စည်းကိရိယာနဲ့ ဆေးဝါးတွေ မလုံလောက်ခဲ့တဲ့ နေရာဖြစ်တဲ့တွက် ကျန်းမာရေးနဲ့ပတ်သက်လာရင် ပိုပြီးအခက်အခဲ ဖြစ်ရတယ်လို့ ပြောပါတယ်။
“ဝန်ဆောင်မှုတွေ၊ ပစ္စည်းကိရိယာတွေ၊ ဆေးဝါးတွေ မရှိ မလုံလောက်တဲ့နေရာကို အခု အိုင်ဒီပီက အဲဒီဧရိယာထဲကို အကုန်ရောက်တယ်။ ပြောရမယ်ဆိုရင် ဒီးမော့ဆိုရဲ့ အနောက်ဘက်ခြမ်း အခု အိုင်ဒီပီက ၈ သောင်းနီးပါးရှိသွားပြီ။ ဒီ ၈ သောင်းက ကျန်းမာရေးဝန်ဆောင်မှု အားနည်းတဲ့ နေရာထဲကို ရောက်နေတာ ဖြစ်ပါတယ်။”
ဒါ့အပြင် အခုနောက်ပိုင်းဆေးဝါတွေတွေကို ဝယ်ယူတဲ့အခါဖြစ်စေ၊ သယ်ယူပို့ဆောင်ဖို့ဖြစ်စေ စစ်ကောင်စီက ကန့်သတ်ထားတဲ့အတွက် စစ်ဘေးဒုက္ခသည်တွေတွက် ဆေးဝါးအလွယ်ကူ ဝယ်ယူ၊ သယ်ယူလို့ မရတဲ့အခြေအနေ ဖြစ်နေတယ်လို့လည်း ပြောပါတယ်။
“ဆေးဝါးနဲ့ပတ်သက်လာရင်တော့ အရင်တလောကပဲ ဒီစစ်ကောင်စီကနေ ကရင်နီပြည်နယ်အတွက သီးသန့်ကို ထုတ်တဲ့စာရှိတယ်။ ဒါကတော့ ဒီဆေးဝါးသယ်ယူ ပို့ဆောင်မှုကို ကန့်သန့်လိုက်တဲ့ပုံစံဖြစ်ပါတယ်။ ဥပမာ၊ ဆေးကျောင်း ဆေးလိုင်စင်ရှိ ဆေးခန်းကတွေကသာလျှင် ဆေးဝါးတွေကို ပြည်မတွေကနေ ဖြစ်ဖြစ် တခြားပြည်နယ်ကနေ ဖြစ်ဖြစ် ဝယ်ယူလို့ရတယ်။ ဝယ်ယူတဲ့နေရာမှာ ဝယ်ယူတဲ့ ဆေးဝါး၊ တင်ပို့တဲ့ကားရယ်၊ တင်ပို့တဲ့ shift ကို ကွက်တိ စစ်ကောင်စီရဲ့ ခွင့်ပြုချက် ရယူပြီးမှသာလျှင် လုပ်လို့ရတယ်ဆိုတဲ့ဟာမျိုးကို အမိန့်စာထုတ်ပါတယ်။ အရင်တုန်းက ပုံမှန် လူထုက ကိုယ့်နည်းကိုယ်ဟန်နဲ့ ကျနော်တို့ ပြည်နယ်ထဲကို တင်သွင်းလာတဲ့ ဆေးဝါးတွေ ပုံစံက ရပ်တန့်သွားတယ်လို့ ပြောလို့ရတယ်။ အရမ်းကို အန္တရာယ်ရှိတယ်။ တချို့ ဖမ်းဆီးခြင်းခံရတယ်။ တချို့ ဖျက်ဆီးခြင်းခံရတယ်။ တချို့ဆိုရင် သိမ်းဆည်းခြင်းခံရတာကို ကျနော်တို့ ကြုံတွေ့ရပါတယ်။ ဒါတောင်မှ ကျနော်တို့ ပြည်နယ်ထဲ ဝင်တဲ့ပုံစံ ဖြစ်တယ်။ ကျနော်တို့ ပြည်နယ်ထဲကနေ အိုင်ဒီပီရှိတဲ့နေရာကို ဆက်သွားဖို့အတွက် တော်ရုံတန်ရုံ ဘယ်လုပ်ငန်းရှင်ကမှ အဲဒီဟာအတွက် စွန့်ခံပြီးတော့မှ လုပ်နေတာမရှိဘူး။ အဲဒီတော့ ကျနော်တို့က ရတဲ့နည်းနဲ့ ဆေးဝါးတွေရရှိအောင် လုပ်တဲ့အတွက်ကြောင့်မို့ ကျနော်တို့မှာ ဝန်ဆောင်မှုပေးတဲ့ အခက်အခဲရှိတယ်။ နောက်တခု ဆေးဝါးအခက်အခဲရှိတယ်။ ပြီးခဲ့တဲ့ သုံး လေး ငါးရက်ပဲ ကျနော်တို့ စပြီးတော့မှ ဝမ်းလျှောဝမ်းပျက်ရောဂါကြောင့် ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာရှိတဲ့ ကလေးငယ်တဦး သေဆုံးသွားတယ်ဆိုတာ ကျနော်တို့ စတင်ကြုံတွေ့ရတယ်။ ဒါက ဝမ်းပျက်ဝမ်းလျှောဆိုတာက အလွယ်တကူ ကုသလို့ရနိုင်တဲ့အခြေအနေမှာ သေဆုံးသွားတော့ ဒီထက်ပိုဆိုးတဲ့နာ တာရှည်ရောဂါတွေ၊ ကူးစက်မှုရှိနိုင်တဲ့ ရောဂါတွေဆိုရင် ဘယ်လောက်အထိ အန္တရာယ်ရှိနေလဲ ဆိုတာ ကျနော်တို့ တွက်ချက်လို့ရပါတယ်။”
ဒါ့အပြင် မြန်မာနိုင်ငံမှာ ကိုဗစ်စတင်ဖြစ်ပွားကတည်းက ကျောင်းတွေ ပိတ်ထားရပြီး အာဏသိမ်းပြီးနောက်ပိုင်း ကျောင်းတွေ ဆက်မတက်ရတဲ့အခြေနေမှာနေနေပါတယ်။
လက်ရှိ စစ်ရှောင်ကလေးငယ်တွေအတွက် ကိုယ်ထူကိုယ်ထကျောင်းတွေ ဖွင့်နိုင်ဖို့ ကြိုးစားနေပြီး ဒီအတွက် အဆောက်အဦနဲ့ သင်ထောက်ကူပစ္စည်းနဲ့ ဆရာ၊ ဆရာမတွေအတွက် ထောက်ပံ့မှုတွေ လိုအပ်နေကြောင်း ပြောပါတယ်။
ဒါ့အပြင် ဒေသခံ စစ်ရှောင်တွေဟာ လူ့အခွင့်အရေး များစွာချိုးဖောက်ခံရသလို လူ့အခွင့်အရေး နစ်နာ ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့နေကြောင်းလည်း ကရင်နီလူမှုအသင်းအဖွဲ့တာဝန်ခံ ခွန်းကိုရယ်က ပြောပါတယ်။
“လူ့အခွင့်အရေး ချိုးဖောက်မှုခံနေရတယ်လို့ ကျနော်တို့ ပြောတဲ့အခါမှာ ကျနော်တို့ လွန်ခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ မေလ ၂၂ ရက် ၂၂ ခုအထိ ကျနော်တို့ ပထမဆုံး အသတ်ခံရတဲ့ လူဦးရေက ကျနော်တို့ လက်လှမ်းမီသလောက်ပေါ့နော်၊ အသတ်ခံရတယ်ဆိုတဲ့နေရာမှာ ကျနော်တို့ အရပ်သားတွေကိုပဲ ကျနော်တို့ ပစ်မှတ်ထားပြီးတော့မှ ပြောတာဖြစ်တယ်။ အဲဒါက ၁၄၉ ဦး ရှိတယ်။ စစ်ကောင်စီကနေပြီး ဖမ်းဆီးသတ်ခံရတဲ့လူတွေ ပါတယ်။ စစ်ကော်စီကနေပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ ထိမှန်သေဆုံးသွားတဲ့လူတွေ ပါတယ်။ နောက်ပြီးတော့ အရပ်သားတွေက အိုင်ဒီပီကမ့်တွေကနေ မိမိရပ်ရွာတွေကို ပြန်ပြီး ရိက္ခာတွေ ပြန်ယူတာတို့၊ အိုးအိမ်ပြန်ကြည့်တာတို့၊ လယ်ယာမြေ ပြန်လုပ်တာတို့ အဲလိုမျိုးတွေမှာ မြေမြုပ်မိုင်းကို ထိပြီး သေဆုံးသွားတဲ့လူတွေ စာရင်းလည်းပါတာပေါ့နော်။”
ဒါ့အပြင် ဖမ်းဆီးခံရတဲ့လူတွေ အာဏာသိမ်းချိန်ကစပြီးမေလ ၂၂ ရက်နေ့ထိ စစ်ကောင်စီက ဖမ်းဆီးထားသူ ၃၂၀ ရှိပြီး ထိခိုက်ဒဏ်ရာသူ ၁၉၈ ဦးရှိကြောင်းပြောပါတယ်။
ဒါတခြား လူအခွင့်အရေးဆုံးရှုံးမှုတွေက လယ်ယာမြေ ကိုင်လို့မရတော့တာ၊ ကလေးငယ်တွေ စာမသင်ရတော၊ ရိုးရာဓလေ့ပွဲတွေ လုပ်ဆောင်လို့မရတော့တာအပြင် ကျန်းမာရေးအတွက် ဆေးကုသမှုအတွက် ဆေးရုံ ဆေးခန်း သွားလို့မရတဲ့ အနေအထားမှာ ရှိနေကြောင်းလည်း ပြောပါတယ်။
ဒါ့အပြင် အင်တာနက်ဖြတ်တော်ကမှုတွေ၊ ဖုန်းလိုင်းဖြတ်တောက်မှုတွေကြောင့် သတင်းအချက်အလက်တွေ မရတော့သလို သွားလာတဲ့အခါမှာလည်း ဖမ်းဆီးသတ်ဖြတ်မှုတွေ ရှိတဲ့အတွက်လည်း ဒေသခံတွေ သွားလာလို့မရတော့တဲ့ အနေအထား ဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တချို့စစ်ရှောင်တွေဟာ ရှားတော၊ ဘောလခဲနဲ့ မယ်မြို့နယ်က ထိုင်းနယ်စပ်တွေမှာအထိ စစ်ရှောင်နေရတဲ့ အနေအထားဖြစ်သလို ပြီးခဲ့တဲ့နှစ်က တိုက်ပွဲမရှိတဲ့ အဲဒီဒေသတွေဘက် အခုနှစ် တိုက်ပွဲတွေ ဆက်ဖြစ်လာမှာကို စိုးရိမ်စရာဖြစ်နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ မေလကနေ အခုနှစ်မေလ အထိ ဖယ်ခုံ၊ မိုးဗြဲအပါအဝင် ကရင်နီပြည်နယ်တဝှမ်း စစ်ကြောင့် လွိုင်ကော်မြို့နေ ပြည်သူတဝက်နီးပါ၊ ဒီးမော့ဆိုမြို့နဲ့ အနီးအနားကျေးရွာတွေနဲ့ ဖယ်ခုံ၊ မိုးဗြဲမြိုနယ်တွေက ထွက်ပြေး တိမ်းရှောင်ရသူ ၂၀၂၊ ၀၀၀ ရှိကြောင်းလည်း ပြောပါတယ်။