မကွေးတိုင်း ရေစကြိုမြို့မှာ မေ ၂၆ ရက်နေ့ မနက်ပိုင်းက ပြည် ၄ ယောက်ကို စစ်ကောင်စီတပ်ဖွဲ့တွေက PDF လို့ စွပ်စွဲ ပြီး ဖမ်းဆီးသွားကြတယ်လို့ ရေစကြို မြို့ခံတွေဆီက ပြောပါတယ်။
ရေစကြိုမြို့ ထင်းတန်းရပ်၊ အမှတ် (၁) ရပ်ကွက်ကို ဒီကနေ့ မနက် ၆နာရီလောက်က စစ်ကောင်စီတပ်ဖွဲ့တွေ ရောက်လာပြီး ကိုနေလင်း၊ ကိုမြင့်စိုး၊ မစံပယ်ဝင်းနဲ့ မခက်သစ္စာတို့ ၄ ယောက်အား ရိုက်နှက်ဖမ်းဆီးသွားကြတယ်လို့ ရေစကြို မြို့ခံတယောက်က ပြောပါတယ်။
“သူတို့ ၄ ယောက်ကို စစ်(...)တွေက ရေစကြို မြို့မရဲစခန်း စစ်ကြောရေးကို ပို့လိုက်တယ်လို့ သိရတယ်ဗျ။ ပခုက္ကူဘက်ကို ဆက်ပို့မပို့တော့မသိရသေးဘူး။ စစ်(...)တွေက ရပ်ကွက်ထဲမှာကို ရိုက်နှက်ဖမ်းဆီးကြတာဆိုတော့ စစ်ကြောရေးမှာ နှိပ်စက်ခံရမှာကျိန်းသေတယ်။ အပြစ်မဲ့ ပြည်သူတွေကို ဒီလိုမျိုး ဆက်တိုက်ဖမ်းဆီးတာကတော့ စစ်ကောင်စီဘက်က မတရားလွန်နေပြီ။ ဝဋ်ဆိုတာ နောင်ဘဝထိမနေဘူး။ပြည်သူလူထုက သူတို့ကို မဖြစ်မနေ ဒဏ်ခတ်မှာပါ။”
မေ ၁၉ ရက်နေ့ညနေ ၅ နာရီလောက်ကလည်း ရေစကြို-ပခုက္ကူကားလမ်းမှာ စစ်ကောင်စီတပ်သားတွေနဲ့ ပူးပေါင်းအဖွဲ့တွေက ပိတ်ဆို့စစ်ဆေးတာတွေပြုလုပ်ကာ ကိုကျော်သူရနဲ့ ကိုဝင်းထက်စိုးတို့ မောင်းလာတဲ့ ဆိုင်ကယ်တွေကို တားပြီး PDF လို့ စွပ်စွဲကာ ဖမ်းဆီးခေါ်ဆောင်သွားကြတယ်လို့ သိရပါတယ်။
ပခုက္ကူခရိုင်အတွင်းမှာ အခုနှစ် ဖေဖော်ဝါရီလကနေ ဒီနေ့အထိ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ မတရားစွပ်စွဲ ဖမ်းဆီးခံထားရသူ ၂၀၀ ကျော်လောက်ရှိနေပြီး အခုမေလအတွင်း ၇၀ ကျော် လောက်မတရားဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။