ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အလယ်သံကျော်လမ်းပိုင်းမှာ မေ ၂၆ ရက် မနက်ပိုင်းကစပြီး လမ်းတွေ ပျက်စီးနေတာကြောင့် ကုန်းကားတွေ နွံနစ်ပြီး ကား အစီး ၃၀ လောက် ပိတ်မိနေတယ်လို့ ကုန်ကားသမားတွေဆီက သိရပါတယ်။
ရန်ကုန်ကနေ မောင်တောကို ဆင်းလာတဲ့ ကုန်တင်ကားကြီး မောင်းသူတစ်ဦးက “ကျနော်တို့ ကားသမားတွေက မောင်တောကလမ်းတွေမှာ အတော်ဒုက္ခတွေ့တာပဲ။ ဟိုဘက်က ဝေသာလီလမ်းက ပိတ်ထားတော့ အလယ်သံကျော်လမ်းဘက်က လာရတာ။ အခုက လမ်းမှာ ကားတွေ နွံနစ်နေတာ။ ကား ၃၀ လောက် ပိတ်မိနေတယ်” လို့ ပြောပါတယ်။
မောင်တော၊ အလယ်သံကျော်လမ်းပိုင်း ၁၄ မိုင်မှာ လက်ရှိ လမ်းတံတားဦးစီးဌာနက ပြုပြင်နေကာ မိုးရွာသွန်းမှုကြောင့် မပြီးစီးသေးတဲ့ နေရာတွေမှာ နွံနစ်ပြီး ကုန်ကားတွေလည်း ပိတ်မိနေပါတယ်။
မောင်တော၊ ဝေသာလီ၊ ဥဒေါင်းလမ်းပိုင်း ၁၃ မိုင်ကြားရှိ ဘောက်ကာဘာတစ်ခုအသစ် ပြုလုပ်နေတဲ့အတွက် အဲဒီလမ်းကို ယာယီပိတ်ထားရတာ ဖြစ်တယ်လို့ မောင်တောခရိုင် လမ်းတံတားဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ဝေသာလီ၊ ဥဒေါင်းလမ်းက ဘောက်ကာဘာတစ်ခု အသစ်လုပ်နေတာ မပြီးသေးနိုင်ဘူး။ အဲဒါကြောင့် ဒီလမ်းပိုင်းကို ယာယီပိတ်ထားရတာ။ ဇွန်လ ၁ ရက်နေ့မှာ ပြန်ဖွင့်ပေးသွားမှာပါ” လို့ ပြောပါတယ်။
မောင်တော၊ ဝေသာလီ လမ်းပိုင်း ၁၃ မိုင်မှာ ၂၀၁၂ ခုနှစ် မောင်တောဒေသ ပဋိပက္ခအပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနက ဖောက်လုပ်ခဲ့ကြတာဖြစ်ပြီး ကုန်ကားကြီးတွေ သွားလာမှု များပြားတဲ့အတွက် လမ်း၊ တံတားတွေ ပျက်စီးနေလို့ ပြုပြင်နေတာလည်း ဖြစ်ပါတယ်။