Home
မြန်မာသတင်း
ဝိုင်းမော်-ကန်ပိုက်တည်လမ်းတွင် စစ်တပ်က စစ်ဆေးရေးဂိတ်တိုးချပြီး ငွေကြေးကောက်ခံနေ
DVB
·
May 24, 2022
282319580_3246841638976908_7227916467600770895_n

ကချင်ပြည်နယ် ဝိုင်းမော်မြို့ကနေ ကန်ပိုက်တည်မြို့ သွားတဲ့လမ်းမှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့က စစ်ဆေးရေးဂိတ်တွေ တိုးမြှင့်ချထားပြီး ငွေကြေး ကောက်ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ဝိုင်းမော်-ကန်ပိုက်တည်လမ်းမှာ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ရဲ့ စစ်ဆေးရေးဂိတ် ၁၀ ခုထက်မနည်း ထပ်မံတိုးချဲ့ဖွင့်လှစ်ပြီး မော်တော်ယာဉ်တွေဆီက ငွေကြေး ကောက်ခံနေတာလို့ ကိုယ်ပိုင်ယာဉ်နဲ့ ကုန်စည်ပို့ဆောင် ယာဉ်မောင်းတွေက ပြောပါတယ်။

“စစ်ကောင်စီ အာဏာမသိမ်းခင်က ဝါးရှောင်စုပေါင်းဂိတ်နဲ့ ဆဒုံး  စုပေါင်းဂိတ် နှစ်ခုပဲ ရှိတာ။  ၂၀၂၁ နှစ်ကုန်ပိုင်းလောက်ကစပြီး ပြည်သူ့စစ်ဂိတ်တွေ ထပ်တိုးလာတယ်။ ကားကြီးတွေ တစီးကို ၅၀၀၀ လောက်ပေးရတဲ့ဂိတ်ရှိတယ်။ လက်ဖက်ရည်ဖိုး ပေးဆိုပြီး တောင်းတဲ့ဂိတ်တွေရှိတယ်။ မတောင်းတဲ့ ဂိတ်ကတော့ မရှိဘူး" လို့ ဝိုင်းမော်-ကန်ပိုက်တည်လမ်းပိုင်း ကုန်စည်ပို့ဆောင်တဲ့ ယာဉ်မောင်းတဦးက ပြောပါတယ်။ 

ခရီးသည်တင်ယာဉ်တွေနဲ့ ကိုယ်ပိုင်ယာဉ်ငယ်လေးတွေကိုလည်း စစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးကောက်ခံတာတွေ ရှိနေပါတယ်။

“ကျနော်တို့ အရှေ့ကသွားတဲ့ ခရီးသည်တင်ကားကို စစ်ဆေးပြီး  ကားဆရာဆီက ပိုက်ဆံတောင်းသွားတာ တွေ့တယ်။ ကျနော့်ကားဆီလာတော့ မှန်ချခိုင်းပြီး ဘယ်သွားမလဲ ဘာလုပ်မလဲ စစ်ဆေးတယ်။ ရပြီ သွားတော့ လက်ဖက်ရည်ဖိုး ပေးခဲ့ဦးမလား မေးတယ်။ ကျနော်ကတော့ စစ်ဆေးပြီး သွားတော့ဆိုကတည်းက လက်ဖက်ရည်ဖိုးမပေးဘူး မောင်းထွက်ခဲ့တာပဲ” လို့ မြစ်ကြီးနားမြို့ကနေ ဆဒုံး ကျေးရာကို ကိုယ်ပိုင်ကားနဲ့ သွားခဲ့သူ အမျိုးသားတဦးက ပြောပါတယ်။

ဝိုင်းမော်မြို့နယ်ကနေ ကန်ပိုက်တည်သွားရာ လမ်းတလျှောက်က စစ်ဆေးရေးဂိတ်တွေကို ဦးရွှေမင်းရဲ့ လီဆူပြည်သူ့စစ်အဖွဲ့နဲ့ ဦးဇခုန်တိန့်ယိန်း ပြည်သူ့စစ်တပ်ဖွဲ့တွေ ဖေင့်လှစ်ထားတာဖြစ်ပြီး အချို့ ဂိတ်ကြီးတွေမှာတော့ စစ်ကောင်စီတပ်နဲ့ ပူးပေါင်းစစ်ဆေးတာတွေ ပြုလုပ်နေတာပါ။

စစ်အာဏာမသိမ်းမီကာလက ဝိုင်းမော်-ကန်ပိုက်တည် လမ်းတလျှောက်မှာ ဝါရှောင်ကျေးရွာ အထွက် စုပေါင်းဂိတ်နဲ့ ဆဒုံးဂိတ် နှစ်ခုသာရှိပြီး ၂၀၂၁ခုနှစ် အောက်တိုဘာလက စတင်ကာ  ဝိုင်းမော်နဲ့ ကန်ပိုင်တည်ကြားမှာ   ဝါးရှောင်ဂိတ်  ဘွမ်တောင်ဂိတ်၊ အင်ဝမ်တောင်ဂိတ်၊ ငေါ့ချုံးဂိတ်၊ ရွှမ်းဝေတံတားဂိတ်၊ ဆဒုံးရေတံခွန်ဂိတ်၊ ဆဒုံးအဝင်ဂိတ်၊ ဆဒုံးအထွက်ဂိတ်၊ မံဝိန်းဂိတ်၊ လော်ဆာကျေးရွာ ဂိတ်တွေ ဖွင့်လှစ်ထားပြီး အခြားကျေးရွာအဝင် အထွက်နေရာတွေမှာလည်း ပြည်သူ့စစ် စစ်ဆေးရေးဂိတ်ငယ်လေးတွေ ရှိတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024