ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ မေလ ၂၃ ရက် မနက် ၇ နာရီလောက်က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မမုံစံပြကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
မိုင်းထိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ယောက် သေဆုံးခဲ့လို့ အပြန်အလှန် ပစ်ခတ်ကြရာ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်လို့ နေအိမ်တချို့ ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ရေးလှုပ်ရှားမှု လုပ်လာတဲ့ စကစစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်လို့ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး ပြည်သူနှစ်ယောက်လည်း လက်နက်ကြီး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။
“ရမ်းပစ်နေတာ ပြည်သူတစ်ဦး ကျည်ထိထားတယ်။ တိုက်ပွဲပြင်းထန်နေလို့ သွားမကောက်နိုင်သေးဘူး။ အပြင်ထွက်တာမြင်ရင် ပစ်သတ်မယ်လို့ စစ်ကောင်စီ တပ်သားတွေက ပြောတယ်။ လက်နက်ကြီးနဲ့ပစ်လို့ ရွာသားနှစ်ယောက်ကိုထိပြီး ဒဏ်ရာရထားတယ်။ တယောက်က စိုးရိမ်ရတယ်။”
အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရွာအတွင်းရှိနေပြီး ကျေးရွာအတွင်းနေထိုင်သူတွေကို အပြင်ထွက်ရင် ပစ်သတ်မယ်လို့ ခြိမ်းခြောက်ပြောဆိုထားလို့ လူနေအိမ်ပျက်စီးဆုံးရှုံးတဲ့ အခြေအနေတွေအသေးစိတ်ကိုတော့ မသိရသေးပါဘူး။
အဆိုပါပစ်ခတ်မှုနဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်သားတွေ သေဆုံးမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။
ပြီးခဲ့တဲ့ မေလ ၂၀ ရက်ကလည်း စစ်ကောင်စီစစ်ကြောင်းကို ကချင်လွတ်မြောက်ရေးတပ် KIA က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅ ယောက်သေဆုံးခဲ့ပါတယ်။