မြန်မာ- ထိုင်းနယ်စပ်၊ တာခ်ခရိုင်၊ တာဆောင်ယမ်းမြို့နယ်၊ လိုဏ်ဂူတလုံးမှာ ခိုအောင်းနေတဲ့ တရားမဝင် ရွှေ့ပြောင်းမြန်မာအလုပ်သမား ၂၅ ယောက်ကို လူကုန်ကူးတဲ့ ထိုင်းနိုင်ငံသား ၃ ယောက်နဲ့အတူ မေလ ၂၄ ရက်မှာ ထိုင်းစစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့က ဖမ်းဆီးခဲ့ပါတယ်။
နယ်စပ်သောင်ရင်းမြစ်ကိုကျော်ပြီး ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား အမျိုးသား ၁၅ ယောက်နဲ့ အမျိုးသမီး ၁၀ ယောက်တို့ကို မဲ့ဝေဖိုးခီးရွာ၊ ရပ်ကွက် ၄ ရှိ လိုဏ်ဂူတခု အတွင်းပိုင်းမှာထားရှိရာ ထိုင်းအာဏာတွေက သတင်းရရှိတဲ့အတွက် သွားရောက်ရှာဖွေပြီး ဖမ်းဆီးလိုက်တာပါ။
ဖမ်းဆီးခံရတဲ့ တရားမဝင်မြန်မာအလုပ်သမားတွေနဲ့အတူ လူကုန်ကူးသူ ထိုင်းလူမျိုး ၃ ယောက်နဲ့ မော်တော်ကား ၃ စီး၊ ဆိုင်ကယ် ၁ စီးကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
ဖမ်းဆီးခံရသူ ထိုင်းလူမျိုး ၃ ယောက်ထဲမှာ အရင်က လူအယောက် ၅၀ လောက်ကို လူကုန်ကူးခဲ့ဖူးသူ တယောက်လည်း ပါဝင်တယ်လို့ သိရပါတယ်။
အခု ဖမ်းဆီးရမိထားသူတွေကိုတော့ တာဆောင်ယမ်းမြို့မရဲစခန်းမှာ အမှုဖွင့်စစ်ဆေးပြီး ထိုင်းနိုင်ငံ တရားဥပဒေအတိုင်း အရေးယူသွားဖို့ရှိပါတယ်။