နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပေါ်စွဲဆိုထားတဲ့ ရဟတ်ယာဉ်နဲ့ ပတ်သက်တဲ့အဂတိအမှုတွေအတွက် မေ ၂၃ ရက်မှာ ဆက်လက်ရုံးထုတ် စစ်ဆေးခဲ့ပါတယ်။
ဒီနေ့ရုံးချိန်းမှာ တရားလို ဦးအောင်ခန့်ကို စွပ်စွဲခံရသူတွေရဲ့ ရှေ့နေတွေက အပြန်အလှန်စစ်မေးခဲ့ပြီး နောက်အပတ်ကို ပြန်လည်ချိန်းဆိုလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
၂၀၂၁ ခုနှစ်အတွင်းမှာ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်တာမှာအသုံးပြုဖို့ ရဟတ်ယာဉ်တစ်စီး ဝယ်ယူတာ၊ ငှားရမ်းတာ၊ သက်တမ်းတိုးတာ၊ ပြုပြင်ထိန်းသိမ်းတာတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီက နိုင်ငံတော်သမ္မတ ဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာ၀င်းမြတ်အေးတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။
ရုံးချိန်းကို လာရောက်တဲ့ နိုင်ငံတော်သမ္မတဦး၀င်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ ကျန်းမာရေးကောင်းမွန်တယ်လို့လည်း အဆိုပါတရားရုံးနဲ့နီးစပ်သူက ဆိုပါတယ်။
မနက်ဖြန် မေလ ၂၄ ရက်နေ့ ရုံးချိန်းမှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအမှုတွေနဲ့ပတ်သက်ပြီး စွဲချက်တင်သင့် မတင်သင့် အမိန့်ချမယ်လို့လည်း သိရပါတယ်။