မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ကျော်ကာလ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ကျဆုံးပြည်သူ ၁,၈၅၁ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၃,၇၆၉ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ မေ ၂၀ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။
နွေဦးတော်လှန်ရေး ကာလအတွင်း ဒီနေ့အထိ ၁၀,၇၁၆ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၁,၀၇၇ ယောက်ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။
ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက် အပါအဝင် ၇၂ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။
ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် တိမ်းရှောင်နေသူ ၁,၉၇၉ ယောက်ထဲက မျက်ကွယ် သေဒဏ်ချမှတ်ခြင်း ခံထားရသူ ၄၁ ယောက် အပါအဝင် အယောက် ၁၂၀ ကတော့ မျက်ကွယ်ပြစ်ဒဏ် ချခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၁၃ ယောက်ထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ဒါ့အပြင် အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် ဧပြီလကုန်ထိ အကြမ်းဖက်စစ်အုပ်စုက မတရား ချိပ်ပိတ်သိမ်းဆည်းခံခဲ့ရတဲ့ နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း ၅၇၀ ထက်မနည်းရှိခဲ့တယ်လို့လည်း အေအေပီပီက ဆိုပါတယ်။
ပြီးခဲ့တဲ့ မေ ၁၆ ရက်က မန္တလေးခရိုင်တရားရုံးက အသက် ၅၆ နှစ်အရွယ် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးဒိန်းဒေါင်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း သိရှိရပါတယ်။ မကြာသေးမီကလည်း ဦးဒိန်းဒေါင်ဟာ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်ခံထားရပြီး သူ့ကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်က တိမ်းရှောင်နေတဲ့ မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကျောက်မီးကျေးရွာနေအိမ်မှာ ဖမ်းဆီး ခံခဲ့ရတာ ဖြစ်ပါတယ်။
ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ (၁၉) ရပ်ကွက်မှာ ကွမ်းယာရောင်းချတဲ့ ကိုအောင်ခိုင်ဖြိုးကို PDF နဲ့ အဆက်အသွယ်ရှိတယ်ဆိုကာ အကြမ်းဖက်စစ်အုပ်စုတပ်က မေ ၁၄ ရက်မှာ အင်အားသုံး ဖမ်းဆီးခဲ့ကြောင်း သိ ရှိရပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦးတော်လှန်ရေး ကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။
ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီး အချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်း ကြားနိုင်ကြောင်း အသိပေးထားပါတယ်။