Home
မြန်မာသတင်း
ပခုက္ကူမြို့နယ်တွင် အပြစ်မဲ့ပြည်သူ ၁ ဦးကို စစ်ကောင်စီတပ် ဖမ်းဆီး
DVB
·
May 20, 2022
280707042_146621187942586_8895940855877082561_n

မကွေးတိုင်း ပခုက္ကူမြို့နယ်မှာ မေ ၁၈ ရက်နေ့ မွန်းလွဲပိုင်းက အပြစ်မဲ့ ပြည်သူတယောက်အား PDF ကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပခုက္ကူမြို့နယ် ရေလာလေးရွာအဝင်မှာ စစ်ကောင်စီတပ်၊ ရဲနဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေဟာ မြိုင်မြို့နယ် ပန်းတိုင်းတောင်ကျေးရွာက ကိုစိုးနိုင်ကို ရိုက်နှက်ဖမ်းဆီးသွားကြတာလို့ ပန်းတိုင်းတောကျေးရွာ ဒေသခံတယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကိုစိုးနိုင်ကို ပခုက္ကူမြို့မရဲစခန်းစစ်ကြောရေးကို ခေါ်ဆောင်သွားကြပြီး မျက်နှာမှာ ရိုက်နှက်နှိပ်စက်ထားတဲ့ ဒဏ်ရာတွေနဲ့ သူတို့ရဲ့ ဝါဒဖြန့်မီဒီယာတွေမှာ တင်ထားတာ တွေ့ရတယ်လို့ ဆိုပါတယ်။

“ကျနော်တို့ရွာကို ဒီကနေ့မနက်ပိုင်းကလည်း စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့ခဲ့လို့ နေအိမ်တွေ၊ ကြက်ခြံတွေ မီးလောင်ဆုံးရှုံးခဲ့ရတယ်ဗျ။ စစ်(...)တွေက သူတို့ ပျူစောထီး အားနည်းတဲ့ ကျေးရွာတွေဆိုရင် PDF ရွာလို့ သတ်မှတ်ပြီး မတရားဖမ်းဆီးသတ်ဖြတ်တာတွေ၊ ရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက်ကျူးလွန်နေကြတာ။ ကျနော်တို့ ပြည်သူတွေအတွက်တော့ တရွာနဲ့တရွာ တမြို့နယ်နဲ့ တမြို့နယ် ခရီးထွက်ဖို့တောင် မလွယ်ကူတဲ့ ဘဝဖြစ်နေပြီ။ ဘာသက်သေအထောက်ထားမှ မရှိဘဲ သူတို့ဖမ်းချင်တဲ့သူကိုဖမ်း၊ စစ်ကြောရေးမှာ နှိပ်စက်ပြီး အတင်းဝန်ခံခိုင်းကာ အမှုဖွင့် တရားစွဲဆိုတာတွေ ဆက်တိုက်ပြုလုပ်နေတယ်” လို့ ဒေသခံက ပြောပါတယ်။

မကွေးတိုင်းအတွင်းက မြို့ဝင်မြို့ထွက်ဂိတ်တွေမှာ အခုလအတွင်း စစ်ကောင်စီတပ်သားတွေ တင်းတင်းကြပ်ကြပ် ပိတ်ဆို့စစ်ဆေးနေသလို အပြစ်မဲ့ ပြည်သူ ၅၀ ကျော်လောက်ကိုလည်း နည်းအမျိုးမျိုးနဲ့ စွပ်စွဲပြီး ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024